ခင်ဦးတွင် တရားဥပဒေ စိုးမိုးရေးအတွက် သုံးရက်တိုင် ဆန္ဒဖော်ထုတ်မည်

ပို့စ်တင်ချိန် - 1/11/2014 05:45:00 PM


ခင်ဦး၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်တွင် တရားဥပဒေ စိုးမိုးရေးအတွက် ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ သုံးရက်တိုင် ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခင်ဦးမြို့နယ်ရုံးခွဲ တာဝန်ခံ ဦးသိန်းအောင်က ပြောကြားသည်။
“ဆန္ဒဖော်ထုတ်ဖို့ ဒီလ ၆ ရက်နေ့က မြို့နယ်ရဲစခန်းကို အကြောင်းကြားတယ်။ ခွင့်ပြုချက် မရလည်း ဆန္ဒဖော်ထုတ်သွားမယ်” ဟု ၎င်းကဆိုသည်။

ခင်ဦးမြို့နယ် အတွင်းရှိ ကျေးရွာ အုပ်စုပေါင်း ၆၃ အုပ်စုမှ တောင်သူ လယ်သမားများ ရင်ဆိုင် ကြုံတွေ့နေရသော လယ်ယာမြေ အမှုတွဲများကို တရားရုံးများ ကြန့်ကြာအောင် လုပ်ဆောင်နေမှုများ ရှိသောကြောင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ် မြေစာရင်းဦးစီးမှူးနှင့် မြို့နယ်တရားရုံး တရားသူကြီးတို့က ကိုယ်ကျိုးရှာ လုပ်ဆောင်နေမှုများ ရှိသောကြောင့် အလိုမရှိဟူသော ကြွေးကြော်သံများဖြင့် ယင်းနေ့များတွင် နံနက် ၈ နာရီမှ ၁၂ နာရီအထိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံးခွဲမှ မြို့နယ်ဌာနဆိုင်ရာ ရုံးများရှိရာ မြို့အဝင်အထိ လမ်းလျှောက် ဆန္ဒဖော်ထုတ် သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ခင်ဦး မြို့မရဲစခန်းသို့ ဇန်နဝါရီလ ၆ ရက်နေ့က တင်ပြလာသော ဆန္ဒဖော်ထုတ်ခွင့် ကြွေးကြော်သံများမှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများသာ ဖြစ်ပြီး အုပ်ချုပ်ရေး ယန္တရားကို ထိခိုက်စေနိုင်သောကြောင့် ခွင့်မပြုခဲ့ကြောင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၉ အရ အယူခံဝင်နိုင်ကြောင်း အကြောင်းပြန်ကြား ခဲ့ရာတွင် ကြွေးကြော်သံများ ပြောင်းကာ ထပ်မံ ဆန္ဒဖော်ထုတ်ခွင့်ကို ဇန်နဝါရီလ ၉ ရက်နေ့က တင်ပြလာကြောင်း ခင်ဦး မြို့မရဲတပ်ဖွဲ့ စခန်းမှူး ဦးဘိုဘိုထွဋ်က ပြောကြားသည်။

ပြောင်းလဲ တင်ပြလာသော ကြွေးကြော်သံများမှာ ပြည်သူလူထုနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများကို ဖိနှိပ်သည့် ဥပဒေများ ဖျက်သိမ်းရေး၊ အာဏာပိုင် အဖွဲ့အစည်းများ ပြည်သူလူထုကို လေးစားစွာ ဆက်ဆံရေးနှင့် နိုင်ငံသား အခွင့်အရေး၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေးတို့ ဖြစ်ကြောင်းနှင့် ဒုတိယအကြိမ် တင်ပြလာသော ဆန္ဒဖော်ထုတ်ခွင့် ပြု၊ မပြုကို အကြောင်း မပြန်ရသေးကြောင်း ခင်ဦး မြို့မ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

The Voice Weekly Myanmar