အင်ဒိုနီးရှားနိုင်ငံ စီနာဘန်မီးတောင် ပေါက်ကွဲ

ပို့စ်တင်ချိန် - 1/01/2014 10:00:00 PM


အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းက စီနာဘန်မီးတောင်ဟာ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ဆက်လက် ပေါက်ကွဲနေဆဲမို့ ရာနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ မနက်က ၆ ကြိမ်တိုင် ပေါက်ကွဲခဲ့တဲ့ ဒီ မီးတောင်ဟာ ၂၄၆၀ မီတာ မြင့်တယ်လို့ မီးတောင်ပညာရှင်က လေ့လာရေးစခန်းမှာ ပြောပါတယ်။

ပြာပူတိမ်တွေက ၂ ဒဿမ ၅ကီလိုမီတာထိ မြင့်တက်နေတယ်လို့ ဆူပရီယာတီ အန်ဒြီယာ စွတ်တီက ပြောပါတယ်။

မီးတောင်ဟာ နှစ်ပေါင်း ၄၀၀ လောက် လှုပ်ရှားမှု မရှိတဲ့ မီးတောင်မြုံဖြစ်ပြီး လတ်တလော လတွေအတွင်း ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့လို့ အစိုးရက အမြင့်ဆုံးအဆင့် တပ်လှန့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အမျိုးသားကပ်ဘေး စီမံခန့်ခွဲမှု အေဂျင်စီကတော့ လူပေါင်း ၁ သောင်း ၉ ထောင်ကျော်ကို အရင်လတွေက နေရာရွှေ့ပြောင်းပေးထားပြီး အစိုးရက စီစဉ်ပေးတဲ့ ယာယီ စခန်းပေါင်း ၃၁ ခုမှာ နေနေတယ်လို့ ပြောပါတယ်။
ပြည်သူတွေကိုတော့ မီးတောင်အူကြောင်းကနေ ၅ကီလိုမီတာ ပတ်လည် အဝေးမှာ ဆက်နေဖို့ အကြံပြု ထားပါတယ်။

ကမ္ဘာ့စတုတ္ထ လူအထူထပ်ဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ ပစိဖိတ်မီးကွင်းကြီးလို့ ခေါ်တဲ့ ကျောက်လွှာပြတ်ရွေ့ကြီး ၂ ခုကြားမှာ ရှိလို့ မီးတောင်ရှင် အလုံး ၁၃၀ နီးပါးရှိတာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်က လူဦးရေ သိပ်သည်းတဲ့ ယိုဂျကာတာမြို့နားမှာ မေရာပီမီးတောင် ပေါက်ကွဲခဲ့လို့ လူ ၃၅၀ ကျော် သေဆုံးခဲ့ပါတယ်။
DVB Burmese