ဦးလှမောင်ရွှေ ပြောတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ခရီး

ပို့စ်တင်ချိန် - 1/13/2014 10:40:00 PM

 MPC က ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ၊ ဓာတ်ပုံ- ဦးလှမောင်ရွှေ ဖေ့စ်ဘုတ်

ငြိမ်းချမ်းရေး အကျိုးတော်ဆောင် မြန်မာငြိမ်းချမ်းရေး စင်တာက ဦးလှမောင်ရွှေပြောတဲ့ လေးဝါး ၊ ဖားအံမှ သည် နိုင်ငံရေးဆွေးနွေးပွဲ ဆီသို့ ဆိုတဲ့ ဆောင်းပါးကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မိနစ်ပိုင်းက ပဲ ဖော်ပြ လာ ပါတယ်။

" လေးဝါး ၊ ဖားအံ မှသည် နိုင်ငံရေး ဆွေးနွေးပွဲကြီးဆီသို့" ဆိုတဲ့ ဦးလှမောင်ရွှေရဲ့ ရေးသားချက် ကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။

.............၂၀၁၄၊ ဇန်န၀ါရီ ၁၂ နေ့မှာ KNU နဲ့အစိုးရအပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးတာ (၂) နှစ်ပြည့်ပါပြီ။ (၂) နှစ်အတွင်း ပစ်ခတ်မှု မရှိသလောက်ဖြစ်ခဲ့တာ ချီးကျူးအံ့သြဖို့ကောင်းပါတယ်။

ကရင်တော်လှန်ရေး ၆၂ နှစ်ပြည့်တဲ့ ၂၀၁၂ အထိ တောက်လျှောက်တိုက်လာခဲ့ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း (ပြည်နယ် ၂ ခု၊ တိုင်းဒေသကြီး ၂ ခု) မှာ တပ်မတော်နဲ့ တပ်ချင်း ထိစပ်တဲ့ နေရာအများကြီးမှာ ပဋိပက္ခ မဖြစ်ခဲ့တဲ့အတွက် နှစ်ဖက် နိုင်ငံရေးခေါင်းဆောင်တွေ၊ တပ်ပိုင်း ဆိုင်ရာ ခေါင်းဆောင်တွေကို နိုင်ငံသား တစ်ဦးအနေနဲ့ ကျွန်တော် ကျေးဇူးတင်ကြောင်း ဒီနေရာကနေ
ပြော ချင်ပါတယ်။

 နှစ်ပေါင်းများစွာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ၊ အမြင်မတူညီမှုကို အချိန်အနည်းငယ်အတွင်း ပြီးအောင် ရှင်းဖို့ဆိုတာ သိပ်ခက်ပါလိမ့်မယ်။

ကျိုက်ထိုမှာ တပ်မ (၄၄) နဲ့ KNU တပ်မဟာ (၁)ကတစ်ဖက်၊ ရုပ်ရှင် အဖွဲ့တွေက တစ်ဖက် ချစ်ကြည်ရေး အနေနဲ့ ဘောလုံးပွဲ ကျင်းပတုန်းကလည်း ကြားရတာနဲ့ကို ၀မ်းသာအားရ ဖြစ်မိပါတယ်။

KNU ဥက္ကဋ္ဌ ဖထီး မူတူးစေးဖော ပြည်တွင်းကို တစ်ခေါက်လာတိုင်း တွေ့ရတိုင်း ၀မ်းသာရပါတယ်။ အခုဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေထဲမှာ KNU ခေါင်းဆောင်နဲ့သမ္မတ (၄) ကြိမ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ (၄ ) ကြိမ် တွေ့ခဲ့တဲ့ ခေါင်းဆောင် အဖြစ် မှတ်တမ်းတင် ထားနိုင်ခဲ့ပါပြီ။

အခြား တိုင်းရင်းသား ခေါင်းဆောင်တွေအနေနဲ့လည်း တဖြည်းဖြည်းယုံကြည်မှုပိုရှိလာပြီး KNU ခေါင်း
ဆောင်တွေ လို တွေ့လာနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။

မကြာမီ ဒီ ဇန်န၀ါရီ ၂၀ မှာပဲ KNU စခန်းတစ်ခုဖြစ်တဲ့ လေးဝါး စခန်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (Nationwide Ceasefire Agreement) ကို လက်မှတ်ရေးထိုးဖို့ ညှိနှိုင်း ကြပါလိမ့်မယ်။

ပြီးရင် ဇန်န၀ါရီလ မှာ ဒါမှမဟုတ် နှစ်ဖက် ညှိနှိုင်းနိုင်မယ့် လာမဲ့လမှာ ဖားအံကိုလာကြပြီး ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီက ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ဆက်လက်ညှိနှိုင်းကြပါ မယ်။

သမိုင်းဝင်မဲ့ ဒီဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးဖို့ အချက်အလက်အားလုံး ဒါမှမဟုတ် အားလုံးနီးပါးကို သဘောတူညီ နိုင်မယ်လို့ မျှော်လင့်ပြင်ဆင်နေကြပါတယ်။

တကယ်လို့ ညှိနှိုင်းစရာတွေ အားလုံးပြီး ရင်တော့ ၂၀၁၄ မတ်လထဲ ဒါမှမဟုတ် အားလုံး ညှိနှိုင်းလို့ ရမယ့်အချိန်မှာ နေပြည်တော်မှာ လက်မှတ်ရေးထိုး ပွဲကြီး ကျင်းပနိုင်ပါလိမ့်မယ်။ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ အားလုံးတက်ရောက်မယ်၊ ဖိတ်ကြားထားတဲ့ နိုင်ငံတကာ ဧည့်သည်တွေလည်း တက်ရောက်ကြမယ် လို့ မျှော်လင့်ပါတယ်။

အခြား အခက်အခဲတွေလည်း ရှိနိုင်ပါသေးတယ်။ ဒါပေမယ့် မြန်မာ့ သမိုင်းမှာ၊ လွတ်လပ်ရေးရပြီးတဲ့ သမိုင်းမှာ ပထမဆုံး ကျင်းပနိုင်မယ့် ဒီလက်မှတ်ရေးထိုးပွဲကြီးကို ကျွန်တော့် အနေနဲ့တော့၊ နိုင်ငံသား တစ်ဦးအနေနဲ့ မြန်မြန် ရောက်လာစေချင်ပါပြီ။ မိတ်ဆွေတွေလည်း အတူတူ ဖြစ်ကြမှာပါ။

ကျွန်တော်တစ်ဦးတည်း ဆန္ဒဆိုရင်တော့ ဖေဖော်ဝါရီလမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်
ရေး ထိုး၊ မတ်လမှာ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ရေးဆွဲတဲ့ အစည်းအဝေး (Framework Meeting) လုပ်၊ မေလမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ ဆုံ ဆွေးနွေး ပွဲကြီး (Political Dialogue) ကို စစေချင်ပါတယ်။ Political Dialogue ကို မြန်မြန် ရောက်စေချင်ပါတယ်။

အများစု ဆန္ဒနဲ့ သဘောတူညီချက်တွေ ရရှိနိုင်ဖို့ ညှိနှိုင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါဆိုရင် အားလုံး လိုလားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ဆက်သွားနိုင်ပါလိမ့်မယ်။

ဒါတွေဟာ အခုဆိုရင် ဖြစ်လာနိုင်စရာရှိပါပြီ။ ၂၀၁၃ စက်တင်ဘာလ မြစ်ကြီးနား KIO - အစိုးရ ငြိမ်းချမ်းရေး သဘောတူညီချက်အရ ၂၀၁၃ အောက်တိုဘာ ၂၇-၂၈ ၊ လိုင်ဇာစခန်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ပထမဆုံးအကြိမ် ကွန်ဖရင့်ကို လုပ်နိုင်ခဲ့ပါတယ်။

 နိုင်ငံတော် သမ္မတ ကလည်း သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။ လိုင်ဇာပွဲအပြီး နိုဝင်ဘာလဆန်းမှာ အစိုးရနဲ့ တိုင်းရင်းသားများရဲ့အလုပ်အဖွဲ့NCCTတို့ မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေး နိုင်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲ အပြီးမှာ PNLO က ဦးခွန်ဥက္ကာက "အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ နှစ်ဖက်တင်သွင်းတဲ့ Proposal တွေက ၂၀% ပဲ တူညီတယ်" လို့ မီဒီယာများကို ပြောခဲ့ပါတယ်။

၂၀၁၃ ဒီဇင်ဘာ ၁၆ ရန်ကုန် MPC မှာ NCCT က ဖဒိုကွယ်ထူးဝင်း ဦးဆောင်တဲ့အဖွဲ့နဲ့ဝန်ကြီး ဦးအောင်မင်း အဖွဲ့တို့ပြန်လည်ညှိနှိုင်းဆွေးနွေးကြပါတယ်။

ဆွေးနွေးပွဲအပြီးမှာ ဖဒိုကွယ်ထူးဝင်းက "အပစ်အခတ် ရပ်စဲရေးလက်မှတ် ရေးထိုးဖို့ အခြေခံအချက်တွေ ၅၀% တူလာပါပြီ" လို့ မီဒီယာတွေကို ပြောပါတယ်။

နောက်တစ်ကြိမ် ၂၀၁၃ ဒီဇင်ဘာ ၂၉ ချင်းမိုင် မှာ ဦးနိုင်ဟံသာ၊ ဖဒိုကွယ်ထူးဝင်းတို့ ဦးဆောင်တဲ့ NCCT နဲ့ ၀န်ကြီးဦးအောင်မင်းတို့ ထပ်မံတွေ့ဆုံ ညှိနှိုင်းကြပါတယ်။ ဦးအောင်မင်းနဲ့အတူတူ ဦးခင်ရီ၊ ဗိုလ်ချုပ်
မောင်မောင်အုန်း၊ ဦးထွန်းထွန်းဦးတို့ တက်ရောက်ကြပြီး NCCT ဖက်က ၁၀ ဦးကျော် တက်ရောက်ကြပါ တယ်။

ဆွေးနွေးပွဲ အပြီး မီဒီယာများကို ဖြေကြားရာမှာ ဦးနိုင်ဟံသာ၊ ဖဒိုကွယ်ထူးဝင်း တို့က ၈၀% တူပါတယ် လို့ပြောကြားပြီး ဦးခွန်ဥက္ကာကတော့ ၇၀% ကျော် တူလာပါပြီလို့ ပြောတာ တွေ့ရပါ တယ်။

 ပြောချင်တာက အကြိမ်ကြိမ်ဆွေးနွေးလေ နီးစပ်မှုပိုရှိလာလေလေ၊ သံသယနဲ့ အတားအဆီးတွေ
လျော့လာလေလေ ဆိုတာပါ။

အခုလဲ MPC က ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေ ချင်းမိုင် ကိုသွားပြီး လေးဝါးပွဲ မတိုင်ခင် အချက် အလက်တွေအတွက် ပြင်ဆင်နေကြပါတယ်။ ၀န်ကြီး ဦးအောင်မင်းလဲ တစ်ကြိမ်သွားနိုင်ဖို့ စီစဉ်နေပါ တယ်။ (တစ်ခါတွေ့လို့ ၂၀%၊ ၃၀% တိုးတက်မှုရှိလာရင် ၁၀ ခါလောက် တွေ့ရမှာ)

အခက်အခဲတစ်ခုကျန်တာက အစိုးရဖက်က Nationwide Ceasefire အရင်ထိုးပြီးမှ Framework ကိုသွား တဲ့ မူကိုပိုအားသန်ပါတယ်။ Framework Meeting က နေပြည်တော်မှာ လုပ်နိုင်ဖို့ရှိပြီး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ မျိုးထဲမဟုတ်ဘဲ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ လက်နက်မကိုင်တဲ့ တိုင်းရင်းသားခေါင်းဆောင်များ၊ ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေပါဝင်ကြပြီး မူချတာက ပိုသဘာဝကျမှာပါ။

ဥပမာအားဖြင့် ပြည်တွင်းနိုင်ငံရေး ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ဦးစိုင်းအိုက်ပေါင်း၊ Dr. အေးမောင်၊ ဦးအေးသာအောင်၊ Dr. တူးဂျာ၊ ဦးစောထွန်းအောင်မြင့်၊ ချင်းက ဦးနိုထန်ခပ်၊ ဦးဇိုဇမ် ကဲ့သို့သော ပုဂ္ဂိုလ်များအပြင် အခြား ပါသင့်တဲ့သူများကိုလည်း ပါစေချင်ပါတယ်။

Framework Meeting မှာ Political Dialogue ရောက်ရင် ဆွေးနွေးကြမယ့် ခေါင်းစဉ်ကြီးတွေ၊ ခေါင်းစဉ် ငယ်တွေ၊ ဘယ်လိုကော်မတီတွေ ဖွဲ့ကြမလဲ၊ သဘောတူညီချက်ကို ဘယ်လိုပုံစံနဲ့ သတ်မှတ်မလဲ၊ ဘယ်သူတွေ ဘယ်လောက်အချိုးနဲ့ တက်ရောက်ကြမလဲ၊ Time line ကကော ဘယ်လိုလဲ အပါအ၀င် လိုအပ်တာတွေ ဆွေးနွေးနိုင်ကြဖို့ပါ။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ အစိုးရအဖွဲ့သစ် တာဝန်စပြီး ထမ်းဆောင်တဲ့ အချိန် ၂၀၁၁ မတ်လကုန်ကစပြီး ပြန်ကောက်ပါရစေ။ ၂၀၁၁ ဇွန်လထဲမှာ ကချင်ပြည်နယ်မှာ KIO နဲ့ တိုက်ပွဲတွေ ဖြစ် ပါတယ်။

အရင်အစိုးရ လက်ထက်မှာ အဖွဲ့ပေါင်း ၄၀ ကျော်နဲ့ အပစ်အခတ်ရပ်ခဲ့တယ်။ အဲ့ဒီထဲက ၇ ဖွဲ့ပဲ တောထဲ
ပြန် ၀င်ခဲ့တယ်လို့ တပ်မတော်အရာရှိကြီးတစ်ဦး ပြောတာကို မှတ်သားဖူး ပါတယ်။

၇ ဖွဲ့ က ၂၀၀၈ အခြေခံ ဥပဒေကြောင့်နဲ့ အခြားအကြောင်းများကြောင့်လို့ တိုင်းရင်းသားများဖက် ကပြောပါတယ်။ ကျန်တဲ့ တချို့အဖွဲ့တွေကိုတော့ အရင်အစိုးရ လက်ထက်ကတည်းက ဆွေးနွေးခဲ့ခြင်း မရှိခဲ့တာလဲ ပါပါတယ်။

အစိုးရအဖွဲ့သစ်အနေနဲ့KIOကိစ္စကို ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ
ဖြစ်ကြတဲ့ ဥက္ကဋ္ဌ ဦးအောင်သောင်းနဲ့ ဦးသိန်းဇော်တို့ကို တာဝန်ပေးခဲ့တာ တွေ့ရပါတယ်။

၂၀၁၁ သြဂုတ်လမှာ သမ္မတက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့ ပါတယ်။

၂၀၁၁ စက်တင်ဘာလမှာ သမ္မတ ကတာဝန်ပေး စေလွှတ်လိုက်လို့ ၀န်ကြီးဦးအောင်မင်း အနေနဲ့ KNU ဗဟိုကိုတွေ့ဖို့ မဲဆောက်ကို ခရီးစတင်ရင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ပိုအသက်ဝင်လာပါတယ်။ အဲ့ဒီအချိန်က Thai မှာ ရေကြီးနေလို့ ၅ နာရီခွဲလောက် ကားနဲ့ မောင်းရတဲ့ ဘန်ကောက် - မဲဆောက်ကို အသွား ၁၃ နာရီ၊ အပြန် ၁၄ နာရီ နီးပါးလောက် အချိန်ယူ ကြိုးစားသွားခဲ့ပါတယ်။

KNU အထွေထွေအတွင်းရေးမှူး ဆရာမ နော်စီဖိုးရာ ဦးဆောင်တဲ့ အဖွဲ့နဲ့ မဲဆောက်မှာ ဆွေးနွေးဖြစ်ခဲ့ ပါတယ်။

ကျွန်တော်တို့လည်း ဒီခရီးစဉ်ကစပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ခွင့် ရခဲ့ပါတယ်။ ၂၀၁၁ နိုဝင်ဘာလ ၂၀ လောက်မှာ ဦးဟန်ရောင်ဝေ ဦးဆောင်ပြီး တိုင်းရင်းသား ခေါင်းဆောင် တချို့ စီစဉ်ပေးလို့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်ရိုင်းမြို့မှာ ၀န်ကြီးဦးအောင်မင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် ၅ဖွဲ့တို့ သီးခြားစီတွေ့ကြပါတယ်။

RCSS/SSA, KNU, KNPP, CNF နဲ့ KIO တို့ပါ။ ကျွန်တော် မှတ်မိသလောက် ပထမဆုံး အနေနဲ့ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ခေါင်းဆောင်တဲ့ (၉) ဦးလောက် ပါတဲ့ RCSS/SSA အဖွဲ့နဲ့တွေကပါတယ်။

သူတို့ပြီးတော့ KNU ကကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော် လေးစားချစ်ခင် အားကျခဲ့တဲ့ ဖဒိုဒေးဗစ်ထော ဦးဆောင်ပြီး KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖော၊ CEC ဖဒိုအားတိုး တို့ (၃) ဦး ပါတဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့တွေပါတယ်။

ငြိမ်းချမ်းရေးအတွက် နှစ်ဖက် ပြောဆိုရမယ့် အချက်ကို စပြီး ဆွေးနွေး နိုင်ခဲ့ပါပြီ။ သူတို့ပြီးတော့ CNF ၊ ပြီးတော့ KNPP ၊ နောက်ဆုံးမှာ အတွင်းရေးမှူး ဒေါက်တာ လဂျာ ဦးဆောင် တဲ့အဖွဲ့ဝင် (၆) ဦးပါဝင်တဲ့ KIO အဖွဲ့နဲ့ တွေ့ပါတယ်။

ယခု KIO Technical Team ကိုခေါင်းဆောင် တာဝန်ယူထားတဲ့ Col လအောင် လည်း အဲ့ဒီတုန်းက အဖွဲ့ဝင် အဖြစ် ပါခဲ့ပါတယ်။ နောက်တစ်ရက် ဆက်ဆွေးနွေးဖို့ KIO နဲ့ KNU အဖွဲ့ ၂ ဖွဲ့ကို သီးခြား ဖိတ်ကြားခဲ့ပေမယ့် KIO အဖွဲ့ လာရောက်နိုင်ခြင်း မရှိဘဲ KNU အဖွဲ့က အချိန် ၂ ဆတိုးဆွေးနွေးသွားပြီး ယုံကြည်မှုတွေ ပိုမိုရှိလာပုံ ရပါတယ်။

၂၀၁၁ နိုဝင်ဘာ ၂၄ ရက်လောက်မှာ နိုင်ငံတော် သမ္မတက ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ ၂ ဖွဲ့ကို သီးခြားစီ ဖွဲ့ပေးခဲ့ပါတယ်။

ဥက္ကဋ္ဌ ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ကို တာဝန်ယူကြပြီး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ကို တာဝန်ယူကြဖို့ပါ။ ကျွန်တော်တို့ ငြိမ်းချမ်းရေး အကျိုးဆောင်များလည်း ၀န်ကြီး ဦးအောင်မင်းနဲ့အတူ ရန်ကုန်၊ ချင်းမိုင်၊ မဲဆောက်၊ စံခလပူရီ၊ ဘန်ကောက် ကို အကြိမ်ကြိမ် သွားခဲ့ ကြပါတယ်။

တချို့အချိန်များမှာတော့ ၀န်ကြီးမပါပဲ ကိုယ့်ဘာသာကိုယ် ကြိုးစားသွားကြပါတယ်။ ချင်းမိုင်မှာ ရှိတဲ့ ဦးညိုအုန်းမြင့်လည်း ၂၀၁၁ နိုဝင်ဘာလကစပြီး ပါဝင်လာပါပြီ။

ဦးဘိုဘိုကျော်ငြိမ်း၊ ဦးအောင်နိုင်ဦး တို့လည်း တချို့နေရာတွေမှာ ၀ိုင်းကူကြပါတယ်။ KNU နဲ့ ပက်သက် ရင် ဦးငွေစိုး၊ ဦးချစ်သန်း၊ ကိုကိုမောင် နဲ့ မစု တို့က အဓိကပါဝင် ကူညီဆောင်ရွက်ကြပြီး ကယားအတွက် ဦးကြည်စိန်၊ မွန်အတွက် ဦးမောင်မောင်၊ ရှမ်းအတွက် ဦးဟန်ရောင်ဝေ တို့က သက်ဆိုင်တဲ့ အမျိုးသားတွေ
ဖြစ်လို့ အဓိက ပါဝင် ကူညီဆောင်ရွက် ခဲ့ကြပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းမှာ အမေရိကန်ပြည်ထောင်စု က နိုင်ငံကြားရေးဝန်ကြီး ကလင်တန် လာပြီးနောက် ၂ ရက်လောက်အကြာမှာ RCSS/SSA နဲ့ အစိုးရအဖွဲ့ ကိုယ်စားလှယ် ၀န်ကြီး ဦးအောင်မင်း တို့ တောင်ကြီးမှာ တရားဝင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး အစိုးရသစ်ရဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၆ ရက်ခန့်မှာ ချင်းပြည်နယ် ဟားခါးမြို့မှာ CNF နဲ့ ၀န်ကြီးဦးအောင်မင်း တို့ တွေ့ဆုံဆွေးနွေးကြပြီး အပစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Dr. Andrew @ ဆလိုင်းငွန်ကျုံးလျန် က CNF ရဲ့ ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် ပါလာပါတယ်။ ၂၀၁၂ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ အဖွဲ့ဝင် ၁၉ ဦးလောက်ပါတဲ့ KNU ကိုယ်စားလှယ် အဖွဲ့နဲ့ ၀န်ကြီး ဦးအောင်မင်း တို့ဖားအံမှာတွေ့ဆုံဆွေးနွေး ပြီးနောက် ၁၂ ရက်နေ့မှာ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။

လွယ်လွယ် ကူကူ နဲ့အောင်မြင်ခဲ့တာတွေတော့ မဟုတ်ပါဘူး။ အခက်အခဲပေါင်းများစွာထဲက ကြိုးစားပြီး
ဖြစ်လာခဲ့တာပါ။

လက်မှတ်ရေးထိုးဖို့ သဘော တူလိုက်ပြီဆိုတဲ့ သတင်းကို ခန်းမအပြင်ထွက် ပြောပြတဲ့အခါ စောင့်ဆိုင်းနေ ကြတဲ့ ကရင်လူကြီး တချို့ မျက်ရည်ကျကြပါတယ်။

ပဋိပက္ခတွေ ချုပ်ငြိမ်းနိုင်ဖို့ ငြိမ်းချမ်းရေးအတွက် ပျော်ရွှင်ဝမ်းသာတဲ့ မျက်ရည် ဖြစ်နိုင်သလို ပဋိပက္ခ အတွင်း မှာ ကျဆုံး၊ ကွယ်လွန်၊ ဒုက္ခရောက်ခဲ့တဲ့ ဆွေးမျိုးသားချင်း မိသားစုတွေအတွက် ၀မ်းနည်းတဲ့ မျက်ရည်လည်းဖြစ်နိုင်ပါတယ်။

တိုက်တိုက် ဆိုင်ဆိုင် KNU နဲ့ လက်မှတ်ရေးထိုးပြီး နောက် ၄ နာရီ အကြာမှာ သမ္မတက နိုင်ငံရေးအကျဉ်း သား ရာပေါင်းများစွာအတွက် လွှတ်ငြိမ်းချမ်းသာခွင့်ကို လက်မှတ်ရေးထိုး အမိန့် ထုတ်ပြန် ခဲ့ပါတယ်။

ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အပါအ၀င် နိုင်ငံရေး သမားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ အပြင်ကို ပြန်ရောက်လာနိုင်ပါပြီ။

၂၀၁၂ ၊ ဧပြီလမှာ KNU အဖွဲ့အနေနဲ့ ဖားအံ၊ ရန်ကုန်တို့ မှာ ပြည်ထောင်စု အဆင့် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော် သမ္မတနဲ့ နေပြည်တော်မှာ ပထမဆုံး တွေ့ဆုံနိုင်ခဲ့တဲ့ အဖွဲ့ ဖြစ်လာပါတယ်။ ၂၀၁၂ မေလမှာ သမ္မတအနေနဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေကို ပြန်ဖွဲ့ပါတယ်။

သမ္မတက ဥက္ကဋ္ဌ အဖြစ် ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့ခဲ့ပါတယ်။ ဒုသမ္မတ ၂ ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ ပါပါတယ်။

သူ့အောက်မှာ အကောင်အထည်ဖော်မယ့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၅၂ ဦးပါတဲ့ " ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ" ကိုလည်း ဖွဲ့ခဲ့ပါတယ်။

ဒုဥက္ကဋ္ဌ ၁ ဒုတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ပဋိပက္ခဒေသက စစ်တိုင်းမှူး များ၊ ဒုဥက္ကဋ္ဌ ၂ ၀န်ကြီးဦးအောင်မင်းနဲ့ ပြည်ထောင်စု ၀န်ကြီးများ၊ ပဋိပက္ခဒေသက ပြည်နယ်နဲ့ တိုင်း ဒေသကြီးဝန်ကြီးချုပ်များ၊ ဒုရှေ့နေချုပ်၊ ဒုဝန်ကြီးတချို့၊ ဒုဥက္ကဋ္ဌ ၃ ဦးသိန်းဇော်နဲ့ လွှတ်တော် ၂ ရပ်မှ လွှတ်တော်ကိုယ်စားလှယ် တချို့ပါဝင်ပါတယ်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှာ Myanmar Peace Center (MPC) ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီတစ်ခါ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အစိုးရဖက်က Risk ပိုယူလာတာတွေ့ရပါတယ်။

ပထမဆုံး သမ္မတက ဖိတ်ခေါ်တယ်။ ဦးအောင်မင်းလို ပြည်ထောင်စုဝန်ကြီးကို ဘယ်တုန်းကမှ မလွှတ်ဖူးတဲ့ မဲဆောက်၊ ချင်းမိုင်၊ ချင်ရိုင်း၊ စံခလပူရီ၊ မိုင်ဂျားယန်၊ ရွှေလီလို နေရာမျိုးတွေကို အကြိမ်ကြိမ်လွှတ်တယ်။

သေနတ် ကိုင်ထားပါ။ အချင်းချင်းမတိုက်ဘဲ ပြဿနာများကိုစားပွဲဝိုင်းမှာပဲ တွေ့ဆုံဆွေးနွေးမယ်။ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပွဲကြီး ဆောင်ရွက်မယ်လို့ အကြိမ်ကြိမ် ကတိစကား ပြောခဲ့ပါတယ်။ အဆင့်လိုက် တကယ်လည်း ဆောင်ရွက်ပါတယ်။

ဒါကို KNU ဥက္ကဋ္ဌ ဖထီး စောမူတူးစေးဖော လို လူမျိုးအပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေကလည်း Risk ယူပြီး ဆောင်ရွက်နိုင်ခဲ့လို့ အချိန်တို အတွင်းမှာ ဒီလောက် ခရီးရောက်နိုင်ခဲ့ကြတာပါ။ ပြည်သူလူထု သန်း ၆၀ အတွက် Stakeholders အားလုံးက ဒီအတိုင်းပဲ ဆက်လက်ဆောင်ရွက်ကြဖို့ မျှော်လင့်ပါတယ်။

ပဋိပက္ခကြောင့် နှစ်ဖက် စစ်သည်တော်တွေနဲ့ ပြည်သူလူထုတွေ ဆုံးရှုံးခဲ့ကြရတာ မနည်းပါဘူး။ နောင်လာ မယ့် မျိုးဆက်တွေ အတွက် State building, Nation Building လုပ်နိုင်ဖို့ အားလုံးအတွက် Development တွေ ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ ငြိမ်းချမ်းရေး ရမှကို ဖြစ်ပါမယ်။

ကျွန်တော်တို့ နိုင်ငံလို ခြားနားတဲ့ ပြည်သူ့စစ်အဖွဲ့ (၅၀၀၀) ကျော်၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု (၂၀) ကျော် အင်အား ၇၀၀၀၀/၈၀၀၀၀ ဆိုတာကမ္ဘာပေါ်မှာဒီနိုင်ငံတစ်ခုပဲကျန်တော့တယ် လို့ နိုင်ငံတကာက ထောက်ပြကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကိုတစ်လှမ်းပြီးတစ်လှမ်း ရှေ့ကိုဆက်သွားဖို့ ကျွန်တော်တို့ ခင်ဗျားတို့ ၀ိုင်းဝန်းကြိုးစားကြရပါမယ်။ အားလုံးကိုလည်း အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု့မျိုး ကို ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ပါရစေ။

မကြာမီ ကျင်းပတော့မယ့် လေးဝါးပွဲပြီးရင် ဖားအံ ပွဲမှသည် နေပြည်တော်မှာ ကျင်းပမယ့် နိုင်ငံရေး
တွေ့ဆုံဆွေးနွေးပွဲကြီးဆီသို့ အမြန်ဆုံး ရောက်ရှိပါစေကြောင်း KNU အစိုးရ ၂ နှစ်ပြည့် အပစ်အခတ် ရပ်စဲရေး နှစ်ပတ်လည်မှာ ဆန္ဒပြုလိုက်ပါရစေ။

(ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်နေကြတဲ့ အဆင့်ဆင့်သော ခေါင်းဆောင်များ နှစ်ဖက် တပ်ဖွဲ့ဝင် များကို လေးစားကျေးဇူးတင်လျှက်)

ဧရာဝတီ သတင်း