နွေရာသီမီးဘေးကာကွယ်မှုအတွက် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှဆောင်ရွက်

ပို့စ်တင်ချိန် - 1/14/2014 07:20:00 AM


မိုးညှင်း၊ ဇန်နဝါရီ ၁၃။

ကချင်ပြည်နယ်မိုးညှင်းခရိုင်မိုးညှင်းမြို့တွင် နွေရာသီမီးဘေးကြိုတင် ကာကွယ်မှုအတွက် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အရှေ့စုရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များက အင်အား၅၀ဖြင့်  ရွှေသာလျောင်းဘုရားရေလှောင်ကန်အတွင်း ရေများဖြည့်တင်းနိုင်ရန်အတွက် ရှေ့စုရပ်ကွက် ပုညရှင်ဘုန်းကြီးကျောင်းအနီးမှ ရွှေသာလျောင်းဘုရားရေကန်ကြီးစပ်အထိ၂မိုင်ကျော်ကွာဝေးသော ရေမြောင်းများတွင် ပိတ်ဆို့နေသော အမှိုက်များ၊ ပြိုကျနေသော မြေသားများကို ရှင်းလင်းခြင်း၊ သဲအိတ်များဖြင့်ဆည်များပိတ်ခြင်းတို့ကို နံနက်(၇)နာရီမှ စတင်ဆောင်ရွက်ခဲ့ကြသည်၊

မိုးညှင်းမြို့နယ်အတွင်း နွေရာသီမီးလောင်မှုများ ဖြစ်ပွားခဲ့သော် အချိန်မီ မီးသတ်ကားသို့ ရေလှောင်ကန်အတွင်းမှ ရေများ စုတ်တင်ပေး နိုင်ရန်အတွက်မီးဘေး ကြိုတင်ကာကွယ်မှုအဖြစ် ရှေ့စုရပ်ကွက် ရွှေသာလျောင်း ဘုရားရေကန်ကြီးစပ်တွင် ၂၅ကောင် ဒီဇယ်အင်ဂျင်၁လုံး ထားရှိကာ ရေလယ်ပိုက်အား ပန့်နှစ်လုံးထိုင် ရေပိုက်ခေါင်းအား တပ်ဆင်မည်ဖြစ်၍ ပြည်သူများ၏ အိုးအိမ်စည်းစိမ်ကို ပြည့်စုံစွာ ကာကွယ်နိုင်တော့မည် ဖြစ်ကြောင်း၊ မီးသတ်ဦးစီးဌာနတွင် မီးသတ်ကား၃စီး၊ အရန်မီးသတ် တပ်ဖွဲ့တွင် မိုးညှင်းမြို့ပြည်သူများ လှူဒါန်းထားသော မီးသတ်ကား၂စီးတို့အတွက် ပြည့်စုံစွာ ရေတင်နိုင်တော့မည်ဖြစ်ကြောင်း အရန်မီးသတ်တပ်ဖွဲ့ ဦးထွေးပြောသည်။



မိုးညှင်းမြို့တွင် မီးသတ်ရေကန်(၁၁)ကန် ရှိသော်လည်း ရွှေသာလျောင်း ရေကန်သည် ရေ၀င်မြောင်းများရှိသည့် အပြင်စိမ့်စမ်း ရေကန်ဖြစ်ပြီး အလျား၊ အနံပေ ၄၀၀ခန့် ကျယ်ဝန်းသောကြောင့် မီးဘေးအတွက် အားအထားရဆုံး ရေကန်ဖြစ်ကြောင်း၊ မီးသတ်ရေတင်စက်ကို ပြည်သူ့လွှတ်တော် ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ကို သိရ၍ လွှတ်တော်ကိုယ်စားလှယ်များအား ကျေးဇူးတင်ကြောင်း အရှေ့စု အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ပြောခဲ့သည်။

သီဟအောင်(ကချင်)
The Myanma Age