ကျောက်တန်း မြို့နယ် ချောင်းများအတွင်း ရှားပါး ငါးတစ်မျိုး ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 1/03/2014 02:18:00 PM


ရန်ကုန် ဇန်နဝါရီ ၃

ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ် အတွင်းရှိ မှော်ဝန်းချောင်းနှင့် ဆက်နွှယ်နေသော ချောင်းငယ်များ အတွင်းမှ ရှားပါးထူးခြား ငါးမျိုးတစ် မျိုးဖမ်းဆီး ရမိလျက် ရှိကြောင်း ကျောက်တန်းမြို့နယ် အတွင်းရှိ ရေလုပ်ငန်း လုပ်ကိုင်သူများက ပြော ကြားသည်။

အဆိုပါငါးမျိုးအား ယခုရက် သတ္တပတ်အတွင်း ဖမ်းဆီးရရှိခြင်း ဖြစ်ပြီး ဒေသအတွင်း ရေလုပ်ငန်း လုပ်ကိုင်သူများ၏ အဆိုရ ဒေသအခေါ် မြွေပွေးငါးခူ အမျိုးအစား ဖြစ်ကြောင်း၊ ယခင်က ကျောက်တန်းဒေသ အတွင်း ဖမ်းဆီးရရှိမှု မရှိကြောင်း၊ တချို့ မှာလည်း ဈေးကြီးပေး ဝယ်ယူပြီး အလှမွေးမြူလျက် ရှိကြကြောင်း သိရသည်။

''ဒီငါးမျိုးက ဒီဒေသမှာ တစ်ခါမှ မတွေ့ဖူးဘူး၊ ရေကြောင်း ပြောင်းလဲပြီး ဝင်လာတာလား၊ ဒါမှမဟုတ် မွေးမြူရေးကန်ပေါက်လို့တော့ ကြားတယ်၊ ဒီရက်တွေမှာ ခဏခဏ ဖမ်းလို့ရ နေတယ်၊ တချို့က အလှမွေးဖို့ ဝယ်ကြတယ်''ဟု ကျောက်တန်းမြို့နယ် ညောင်ဝိုင်း ကျေးရွာအတွင်း နေထိုင်သော ရေလုပ်ငန်း လုပ်ကိုင် သူတစ်ဦးက ပြောကြားသည်။

ယင်းဒေသအခေါ် မြွေပွေး ငါးခူငါးသည် အသားစား ငါးမျိုးမဟုတ်ဘဲ ရေညှိနှင့် ပင်လယ်ရေအောက် အပင်ငယ်လေး များသာ စားသုံးသော ငါးမျိုးဖြစ်ကြောင်း၊ ကျောက်တန်းမြို့နယ် အတွင်း ထွက်ပေါ်နေသော သတင်းများအရ အဆိုပါငါးသည် ကင်ဆာရောဂါနှင့် အခြားသော ရောဂါကြီးများအတွက် ဆေးဖော်စပ်မှုတွင် အသုံးပြုသော ငါးဖြစ်ကြောင်း၊ ယင်းအတွက် မွေးမြူသော ကန်ပေါက်၍ မြစ်ချောင်းများ အတွင်း ရောက် ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၎င်းငါး၏ ထူးခြားသော ပုံစံနှင့် စားသောက် နေထိုင်မှု ပုံစံများကြောင့် အယူစွဲရှိသူ တချို့က ဖမ်းဆီးရမိသူ များထံမှ ဈေးကြီးပေးဝယ်၍ ဘေးမဲ့လွှတ်ကြမှုများ လည်း ရှိကြောင်း၊ မြွေပွေးငါးခူ အမည်တွင်သော ၎င်းငါးတစ်ကောင်လျှင် ငွေကျပ် ၃ဝဝဝဝအထိ ပေါက်ဈေး ရနေကြောင်း သိရသည်။

စိုးမိုး