ဖမ်းဆီးထားသော လယ်သမားများ ပြန်လွှတ်ပေးရေး ပုသိမ်မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြ

ပို့စ်တင်ချိန် - 1/29/2014 06:16:00 PM


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်သမားအချို့ကို ပုဒ်မ ၄၂၇ နှင့် ၄၄၇ တို့ တပ်ကာ ဖမ်းဆီးချုပ်နှောင်ထား၍ ပြန်လွှတ်ပေးရန် လယ်သမား ၁၈၀ ကျော် သည် ဇန်န၀ါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ပုသိမ် မြို့တော်ခန်းမရှေ့၌ တရားဝင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

““ကျွန်တော်တို့ကို ပုဒ်မနှစ်မျိုးတပ်ပြီး အချုပ်ခန်းထဲပို့ထားတာတွေနဲ့ တရားစွဲဖို့အတွက် လုပ်ထားတာတွေကို နိုင်ငံတော်က သိဖို့အတွက် အခုလိုတောင်းဆိုရတာပါ။ ဆန္ဒပြတဲ့နေရာမှာ ကျွန်တော်က ဟောပြောဖို့ စာတင်ထားတာကို တခြားသူက ဟောပြောခဲ့တဲ့အတွက် လာသတိပေးတာတော့ရှိတယ်””ဟု တရားဝင်ခွင့်ပြုချက်ဖြင့် တောင်းဆိုဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သော လယ်သမားတစ်ဦးဖြစ်သည့် ကိုထွန်းထွန်းဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မော်ကျွန်းမြို့နယ်၌ လယ်သမား ၁၉၅ ဦး၊ ကျောင်းကုန်းမြို့ နယ်၌ ၂၁ ဦး၊ လပွတ္တာမြို့နယ်၌ ခြောက်ဦး၊ ငပုတောမြို့နယ်၌ နှစ်ဦးတို့ကို ကုမ္ပဏီများက သိမ်းယူထားသော လယ်ယာမြေများကို ၀င်ရောက်ကျူးကျော်လုပ်ကိုင်သည်ဟုဆိုကာ ဖမ်းဆီးချုပ်နှောင်ထားသည်။ ၎င်းအပြင် အဆိုပါမြို့ နယ်များရှိ လယ်သမား ၂၉၀ ဦး ကို လည်း လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က တရားစွဲရန် စီစဉ်နေကြောင်း ဆန္ဒပြရာတွင်ပါဝင်သော လယ်သမားအချို့က ပြောသည်။

““အဓိက ကတော့ မူလလက်ငုတ်လယ်သမားတွေကို ပြန်ပေးဖို့အတွက်ဖြစ်ပါတယ်။ လွှတ်တော်အသံဟာ ပြည်သူ့အသံဖြစ်တဲ့အတွက် လွှတ်တော်အမတ်တွေသိဖို့အတွက် အခုလို ခန်းမရှေ့မှာ လာပြီး ဆန္ဒထုတ်ဖော်တောင်းဆိုရတာဖြစ်ပါတယ်””ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သော လယ်သမားဦးကြည်လွင်က ပြောသည်။

ယခုကဲ့သို့ ဆန္ဒထုတ်ဖော် တောင်းဆိုရာတွင် ခရိုနီလယ်သမားများဖယ်ရှားရေး၊ မတရားသိမ်းဆည်းခံရသော လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် နိုင်ငံတော်အစိုးရက တာဝန်ယူ ဖြေရှင်းပေးရေး၊ အရင်းရှင်လယ်သမားများဘက်မှ ကာကွယ်သော လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ကို ဖြုတ်ချပေးရေး၊ လယ်ယာမြေကိစ္စရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရေး၊ ဧရာရွှေဝါကုမ္ပဏီက သိမ်းယူထားသော လယ်မြေများကို ဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်က တင်ပြချက်အတိုင်း ပြန်ပေးရေး၊ လယ်သမားများကို မတရားစွဲဆိုထားသော ပုဒ်မများအား ပယ်ဖျက်ပေးရေးစသည်တို့ ရည်ရွယ်၍ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

Author: သူရကျော်

7day Daily