တယ်လီဖုန်း အမည်ပြောင်းခြင်း၊ ပုဂ္ဂလိကဖုန်း အမည်ပြောင်းခြင်းအတွက် ကိုယ်တိုင်ဆောင်ရွက်ရန် သတ်မှတ်ထား

ပို့စ်တင်ချိန် - 1/21/2014 05:16:00 PM


တယ်လီဖုန်းဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် အများစုအား ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်၍ ရသော်လည်း တယ်လီဖုန်းအမည်ပြောင်းခြင်း၊ ပုဂ္ဂလိက ဖုန်းအမည်ပြောင်းခြင်းအတွက် ကိုယ်တိုင်ဆောင်ရွက်ရန် သတ်မှတ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

“အဓိကကတော့ အင်တာနက် လျှောက်တာတို့၊ ဖုန်းကတ်ပျောက်၊ ကတ်ပျက်လျှောက်တာတို့ကိုပဲ အများဆုံး ဆောင်ရွက်ပေးပါတယ်။ တယ်လီဖုန်း အမည်ပြောင်း လျှောက်တာတို့လို ကိစ္စတွေကိုတော့ ကိုယ်တိုင်ဆောင်ရွက်ဖို့ သတ်မှတ်ထားတယ်” ဟု ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်းအနီးရှိ ဖုန်းအကျိုးဆောင်တစ်ဦးထံမှ မေးမြန်းသိရှိရသည်။ တယ်လီဖုန်း အမည်ပြောင်းခြင်း၊ ပုဂ္ဂလိကဖုန်း၊ ကုမ္ပဏီ ဖုန်းများ အမည်ပြောင်းခြင်းအတွက် သတ်မှတ်ပုံစံ၊ ကတိဝန်ခံချက်တွင် လက်မှတ်ရေးထိုးစေပြီး အထောက်အထားများ စိစစ်၍ ပြည့်စုံပါက ကျသင့်သည့် ၀န်ဆောင်ခအား ပေးသွင်းစေကာ တယ်လီဖုန်း စာချုပ်ချုပ်ဆို၍ စာချုပ်တစ်စောင်ကို အမည်ပြောင်းသူအား ချက်ချင်းထုတ်ပေးသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၀န်ဆောင်မှုများကို eYangon ၀က်ဘ်ပေါ်တယ်မှတစ်ဆင့် ထုတ်ပြန်ထား ချက်အရ သိရသည်။

အမည်ပြောင်း လုပ်ငန်းမိန့်များကို သက်ဆိုင်ရာအိတ်ချိန်းများနှင့် ငွေစာရင်းသို့ပေးပို့ကြောင်း၊ ပုဂ္ဂလိကဖုန်း အမည်ပြောင်းခြင်းတွင် ကတိခံဝန်ချက်၌ ကိုယ်တိုင် လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ အမည်ပြောင်းရာတွင် ပုဂ္ဂလိကဖုန်း အမည်ပြောင်းအတွက် မှတ်ပုံတင်မူရင်း၊ မိတ္တူ၊ အိမ်ထောင်စု စာရင်းမူရင်း၊ မိတ္တူ၊ တယ်လီဖုန်း အခွန်ဆောင်စာအုပ်၊ တယ်လီဖုန်း စာချုပ်နှင့် စာရွက်စာတမ်းများ မူရင်း၊ မိတ္တူ၊ အိမ်ဝယ်ပါ ဖုန်းဖြစ်ပါက အိမ်ဝယ်စာချုပ် မူရင်း၊ မိတ္တူ၊ ပတ်စပို့ ဓာတ်ပုံနှစ်ပုံတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ ဌာနဆိုင်ရာဖုန်းမှ ဌာနဆိုင်ရာ အမည်ပြောင်းခြင်းအတွက် ရုံးမှ အမည်ပြောင်း ခွင့်ပြုသည့် စာလိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီအမည်သို့ ပြောင်းခြင်းအတွက် ကုမ္ပဏီအထောက်အထား စာရွက်စာတမ်းမူရင်း၊ မိတ္တူ၊ တယ်လီဖုန်း အခွန်ဆောင်စာအုပ်၊ တယ်လီဖုန်းစာချုပ်နှင့် စာရွက်စာတမ်းများ မူရင်း၊ မိတ္တူတို့ လိုအပ်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ဌာနဆိုင်ရာဖုန်းမှ ကိုယ်ပိုင်ဖုန်း အမည်ပြောင်းခြင်းအတွက် မှတ်ပုံတင်မူရင်း၊ မိတ္တူ၊ အိမ်ထောင်စုစာရင်း မူရင်း၊ မိတ္တူ၊ တယ်လီဖုန်းကြွေးကျန် ကင်းရှင်းကြောင်းစာ လိုအပ်မည် ဖြစ်သည်။ အဆိုပါ ဆောင်ရွက်ချက်များအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ သတ်မှတ်ဌာနများတွင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ထွန်းထွန်း
Internet Journal