အစိုးရဦးဆောင်တဲ့ ပညာရေးအဆင့်မြှင့်ကော်မတီ ဥပဒေကြမ်းအတွက် ဆွေးနွေး

ပို့စ်တင်ချိန် - 1/22/2014 07:30:00 AM


မူကြိုအဆင့်ကနေ အဆင့်မြင့်ပညာအပါအဝင် အသက်မွေးကျောင်း ပညာရပ်တွေကို မြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အစိုးရဝန်ကြီးဌာနတွေ၊ နိုင်ငံရေးပါတီတွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ မိဘဆရာတွေ၊ ကျောင်းသားတွေရဲ့ အကြံပြုချက်တွေကို မူဝါဒချမှတ်နိုင်ဖို့ ဇန်နဝါရီ ၂၁ရက်နေ့က ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခမ်းမမှာကျင်းပတဲ့ လက်တွေ့ကျသော ပညာရေးမြှင့်တင်မှု လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီက ဦးဆောင်ပြီး အမျိုးသားပညာရေးဥပဒေကို ပြဌာန်းဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

အစိုးရမဟုတ်တဲ့ အရပ်ဖက်ဆိုင်ရာ ပညာရှင်တွေ၊ လှုပ်ရှားတတ်ကြွသူတွေ အားလုံးပေါင်းထားတဲ့ ပညာရေးကွန်ရက်နဲ့စင်ပြိုင် အစိုးရက ကော်မတီဖွဲ့ပြီး လွှတ်တော်မှာ ဥပဒေပြုနိုင်ရေး ကြိုးစားနေတာဖြစ်ပါတယ်။ ဗကသ အနေနဲ့ NNER လို့ခေါ်တဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှုကွန်ရက်ရဲ့ မူဝါဒတွေကိုသာ ရပ်တည်ထောက်ခံသွားမှာဖြစ်တယ်လို့ မဖြိုးဖြိုးအောင်က ဆိုပါတယ်။

သမ္မတရုံးက ဖွဲ့စည်းပေးထားတဲ့ ဒီပညာရေးကော်မတီက ပြင်ပက ဆရာတွေ၊ ကျောင်းသားတွေကို ဖိတ်ခေါ်ခဲ့ပေမယ့် ဖိတ်စာပါ အသုံးအနှုန်းကို လက်မခံနိုင်တာကြောင့် တက္ကသိုလ် ဆရာဆရာမများအသင်းက အစည်းအဝေးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေကြမ်းကို လွှတ်တော်ကိုတင်သွင်းပြဌာန်းပြီးမှ အခြေခံပညာ။ အဆင့်မြင့်ပညာ၊ ဆရာအတတ်သင်ပညာဆိုင်ရာ ဥပဒေတွေကို ဆက်ပြီးလုပ်ဆောင်သွားမှာမို့ တုံ့ပြန်ဆောင်ရွက်ချက်တွေရရေး ဖိတ်ခေါ်ဆွေးနွေးနေတာလို့ ဆိုပါတယ်။
Kamayut Media