ဗဟိုအာဖရိကတွင် ကြားဖြတ်အစိုးရတက် ပထမဆုံး အမျိုးသမီးသမ္မတ ဦးဆောင်မည်

ပို့စ်တင်ချိန် - 1/22/2014 07:26:00 PM


ဘန်ဂူ၊ ဇန်နဝါရီ ၂၁

လမ်းမပေါ် အကြမ်းဖက်မှုများ ဖြစ်ပွားလျက်ရှိသည့် ဗဟိုအာဖရိက နိုင်ငံတွင် အားကောင်းသော အစိုးရမရှိဘဲ ဖြစ်လျက်ရှိရာ ဘန်ဂူမြို့တော်ဝန် ကက်သရင်း ဆမ်ဘာပန်ဇာ ဆိုသည့် အသက် ၅၇ နှစ်အရွယ် အမျိုးသမီး ခေါင်းဆောင်ကို ကြားဖြတ်အစိုးရ၏ သမ္မတသစ်အဖြစ် တင်မြှောက်လိုက် ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ကြားဖြတ် ပါလီမန်က ခေါင်းဆောင်သစ်ကို မဲဖြင့် တင်မြှောက်ခဲ့ခြင်းဖြစ်ကာ ၎င်းကပြိုင်ဘက် ဖြစ်သူကို ဒုတိယအကျော့မဲဖြင့် အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂက ဗဟိုအာဖရိက နိုင်ငံသို့ တပ်ဖွဲ့များ စေလွှတ်ရန် အတွက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက သဘောတူလိုက်ချိန်နှင့် သမ္မတသစ် မစ္စစ်ကက်သရင်းဆမ်ဘာပန်ဇာ တက်လာချိန် တိုက်ဆိုင်လျက် ရှိသည်။

ဗဟိုအာဖရိကတွင် လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခများသည် ဘာသာရေး၊ လူမျိုးရေးနှင့် ပတ်သက်သော အဓိကရုဏ်းများ ဖြစ်ကြပြီး ခရစ်ယာန်နှင့် မွတ်ဆလင် နှစ်ဖက်လုံး သေဆုံးမှုများ ရှိသည်။

ယင်းဘာသာရေး ပဋိပက္ခများကြောင့် လူတစ်သန်းခန့် နေအိမ်များကို စွန့်ခွာ ထွက်ပြေးကြရပြီး ယင်းပမာဏသည် နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နူန်း ရှိသည်။

သမ္မတသစ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသည့် အောင်ပွဲခံ မိန့်ခွန်းတွင် မစ်စ်ဆန်ဘာပန်ဇာက ခရစ်ယာန် ပြည်သူ့စစ် အဖွဲ့များနှင့် မွတ်ဆလင် ပြည်သူ့စစ်အဖွဲ့များ အချင်းချင်း တိုက်ခိုက်မှုများ ရပ်ကြပါရန် တိုက်တွန်း ပြောကြားသွားခဲ့သည်။
“ကျွန်မရဲ့ သားတွေကို ပြောချင်ပါတယ်။ အထူးသဖြင့် anti-balaka (ခရစ်ယာန် ပြည်သူ့စစ်) တွေကို ပြောချင်တာက လက်နက်မကိုင်ကြတော့ဘဲ တိုက်ခိုက်မှုကို ရပ်ကြပါ။ ex-Seleka (မွတ်ဆလင် ပြည်သူ့စစ်) တွေကိုလည်း ဒီအတိုင်းပဲ ပြောချင်ပါတယ်။ ကြောက်နေရတဲ့ အဖြစ်မျိုး မလိုလားပါဘူး။ လူသတ်မှု၊ လူသေမှုတွေအကြောင်း ကျွန်မထပ်ပြီး မကြားချင်တော့ပါဘူး” ဟု သမ္မတက ပြောကြားခဲ့သည်။

ဘန်ဂူမြို့တော်၏ မြို့တော်ဝန်ဖြစ်ကာ နှစ်ဖက်သော ပြည်သူ့စစ်များက လက်ခံကြသည့် ကက်သရင်း ဆမ်ဘာပန်ဇာသည် အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီး တစ်ဦးလည်းဖြစ်ကာ ဥပဒေ ပညာရှင်လည်း ဖြစ်သည်။

ခရစ်ယာန် ဘာသာကို ကိုးကွယ်သူ ဖြစ်သော်လည်း နိုင်ငံရေးအရ ဘာသာရေးစွဲများ ကင်းသူဖြစ်ကာ ၂၀၀၃ ခုနှစ် အမျိုးသား တွေ့ဆုံညှိနှိုင်းပွဲကိုလည်း သဘာပတိ လုပ်ခဲ့ဖူးသည်။

၁၉၅၄ ခုနှစ်၌ အာဖရိက ချက်ဒ်နိုင်ငံတွင် မွေးခဲ့ပြီး ဖခင်မှာ ကင်မရွန်းဇာတိဖြစ်ကာ မိခင်က ဗဟိုအာဖရိကနိုင်ငံမှ ဖြစ်သည်။
The Voice Weekly Myanmar