အစိုးရကို ယုံကြည်စိတ်ချမှု မရှိသေး၍ နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျခံခဲ့ရသူအချို့ နိုင်ငံရေးအကျဉ်းသားအဖြစ် စာရင်းပေးရန်ငြင်းဆန်

ပို့စ်တင်ချိန် - 1/29/2014 10:45:00 AM

ဓာတ်ပုံ - အင်တာနက်

နယ်မြို့များတွင် နေထိုင်ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း အချို့က အစိုးရက ပြန်လည်ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် နိုင်ငံရေးအကျဉ်းသားစာရင်း ကောက်ခံရာတွင် စာရင်းပေးရန်အတွက် ငြင်းဆိုခဲ့မှုများရှိကြောင်း သာယာဝတီတွင် နိုင်ငံရေးအကျဉ်းသားဟောင်း စာရင်းကောက်ခံသူ ဦးကျော်နိုင်ဦးက The Daily Eleven သို့ ပြောကြားသည်။

ဦးကျော်နိုင်ဦးက “ကျွန်တော်စာရင်းကောက်တာ အယောက် ၄၀ လောက်တော့ရှိပြီ။ တချို့ကတော့ ရာခိုင်နှုန်း အရမ်းတော့မများဘူး။ သူတို့ကတော့ စာရင်းပေးဖို့ကို တွန့်ဆုတ်နေတဲ့သဘောမှာ ရှိပါတယ်။ တကယ်လို့ အစိုးရက နောက်ပြန်လှည့်လိုက်ရင် သူတို့ဒီနိုင်ငံရေးအကျဉ်းသား စာရင်းမှာ ပါနေတာကြောင့် အရေးယူခံရမှာလည်း ကြောက်နေကြတယ်။ မိသားစုတွေကလည်း နိုင်ငံရေးနဲ့ မပတ်သက်စေချင်တော့ဘူး” ဟု ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား အများစုအနေနှင့် ယခင်အစိုးရလက်ထက်က များစွာဖိနှိပ်ခံခဲ့ရပြီး မိသားစုများ၏ စားဝတ်နေရေးကို ထိခိုက်စေရန် အာဏာပိုင်များ၏ ဖိအားပေးခြင်းကို ခံခဲ့ကြရသည်ဟုလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောကြားသည်။ ယခုအချိန်အထိ နယ်မြို့များတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများအား ဆက်လက်ဖိနှိပ်မှုများ ရှိနေဆဲဖြစ်ကြောင်းကို ဦးကျော်နိုင်ဦးက “ကျွန်တော်နဲ့တွေ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တချို့ဆိုရင် အခုအချိန်အထိ လူမှုရေးလုပ်ငန်းတွေ လုပ်ဖို့တောင် ငြင်းပယ်ခံနေရတာရှိတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပါလာရင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေက သူတို့လုပ်ဆောင်မယ့် လူမှုရေးလုပ်ငန်းတွေကို ပိတ်ပင်မှာစိုးရိမ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ အတူတူမလုပ်ရဲတဲ့သူတွေ ရှိတယ်လို့ ကျွန်တော်တို့သိရတယ်” ဟု ပြောကြားသည်။

ပဲခူးတိုင်းအရှေ့ခြမ်းတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ စာရင်းကောက်ခံသူ ဦးဘိုတောက်ကလည်း ၎င်းတွေ့ကြုံချက်အရ အချို့လူများအနေနှင့် စာရင်းပေးသွင်းရန် ကြောက်ရွံ့မှုများ ရှိနေကြောင်းနှင့် အထူးသဖြင့် တောဘက်တွင် ပိုမိုတွေ့ရသည့် အကြောင်းကိုလည်း ပြောကြားသည်။

စာရင်းကောက်ယူသူများ၏ တွေ့ရှိ ချက်အရ နိုင်ငံရေးအကျဉ်းသားဟောင်း အများစုမှာ စီးပွားရေး မပြေလည်မှုများကို လက်ရှိခံစားနေရပြီး နိုင်ငံသားများတန်းတူဖြစ်ရမည့် အခွင့်အရေးများလည်း ဆုံးရှုံးနေကြရကြောင်း သိရသည်။

စာရင်းကောက်ယူရာတွင် တာဝန်ခံသူ တစ်ဦးဖြစ်သည့် ဦးကျော်နိုင်ဦးက “ကျွန်တော်တို့ စာရင်းသွားကောက်တော့ သူတို့က မျှော်လင့်တယ်ပေါ့နော်။ ဘာတွေအကူအညီ ပေးနိုင်မလဲပေါ့။ သူတို့က ထောင်ထဲမှာနေခဲ့ရတဲ့ အချိန်တွေအတွင်းမှာ သူတို့ရဲ့ မိသားစုတွေက အပြင်မှာ အလုပ်လုပ်လို့မရအောင်လို့ အာဏာပိုင်တွေက နှောင့်ယှက်တာကို ခံခဲ့ရတယ်။ သူတို့ပြန်လွတ်လာပြီး နောက်ပိုင်းလည်း အာဏာပိုင်တွေက ဆက်တိုက်ဖိအားပေးခဲ့တယ်။ အဲဒီလို အခြေအနေမျိုးကို နိုင်ငံရေးအကျဉ်းသား မိသားစုတွေ ခံစားခဲ့ရတယ်။ အထူးသဖြင့် အစိုးရကို ထိပ်တိုက်ရင်ဆိုင်ခဲ့သူတွေပေါ့” ဟုပြောကြားပြီး ယခင်အစိုးရ လက်ထက်က ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားများအနေနှင့် ပညာဆက်လက်သင်ယူခွင့် ဆုံးရှုံးသွားခဲ့ရပြီး မိသားစုကျောထောက်နောက်ခံ မကောင်းသူများအတွက် ပိုမိုခက်ခဲသည့် ဘ၀အခြေအနေကို ရင်ဆိုင်နေရသည့် အကြောင်းကိုလည်း ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများ အနေဖြင့် တရားစီရင်ခံရရာတွင် မျှတမှုမရရှိခဲ့သည့်အပြင် ယခုအချိန်အထိ တရားစီရင်ရေးကဏ္ဍတွင် မျှတမှုမရှိသေးကြောင်းကိုလည်း ပြောကြားသည်။ တရားရုံးတွင် လာဘ်ပေးလာဘ်ယူမှုများတွင် ကျယ်နေဆဲဖြစ်သောကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အနေဖြင့်လည်း တရားရုံးများနှင့် သက်ဆိုင်သည့် တရားသူကြီးများ၊ ရှေ့နေ၊ ရှေ့ရပ်များနှင့် ရင်မဆိုင်လိုကြခြင်း ဖြစ်သည်ဟုလည်း သိရသည်။

နိုင်ငံရေး အကျဉ်းသားဟောင်း များဘ၀ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်နေ သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးမြင့်အောင်က “ဘ၀ပြန်လည်ထူထောင်ဖို့အတွက် အသက်မွေးမှုသင်တန်းတွေကို ပေးနေပါတယ်။ အရေးကြီးတာက အဲဒီသင်တန်းတွေကို ပြီးဆုံးအောင်တက်ဖို့ လိုပါတယ်။ ကိုယ်ဝါသနာပါတဲ့ သင်တန်းကို ရွေးချယ်တက်ရောက်ပြီး ပြီးဆုံးအောင် သင်ကြားမှသာလျှင် ဘ၀ကို ပြန်လည်ထူထောင်နိုင်မှာပါ။ ကျန်းမာရေးနဲ့ ပတ်သက်လို့ရှိရင်လည်း ဦးဝင်းတင် ဖောင်ဒေးရှင်းကနေ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပေးနေတာရှိတယ်။ နိုင်ကျဉ်းသားသမီး ပညာရေးအတွက်လည်း ဦးဝင်းတင်ဖောင်ဒေးရှင်းနဲ့ အေအေပီပီကနေ ပေးနေတဲ့ ပညာသင်ထောက်ပံ့ကြေးတွေ ရှိတယ်။ အလှူရှင်တွေ အနေနဲ့က ရော့အင့် ငွေဘယ်လောက်ဆိုတာမျိုး ပေးမှာတော့မဟုတ်ဘူး။ ကျွန်တော်တို့ အခုလုပ်နေတဲ့ ဘ၀ပြန်လည်ထူထောင်ရေးဆိုတာက တတ်နိုင်သမျှ လုပ်နေတဲ့သဘော ဖြစ်ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဘ၀ပြန်လည်ထူထောင်ရေးကို လုပ်ပေးဖို့လိုတယ်။ သူတို့လုပ်ပေးရင်တော့ ပြည့်ပြည့်စုံစုံ လုပ်နိုင်တာပေါ့” ဟု ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားစာရင်းအား မည်သူမှတိတိကျကျ ပြောဆိုနိုင်ခြင်း မရှိသေးသလို အစိုးရကလည်း နိုင်ငံရေးအကျဉ်းသားများအဖြစ် တရားဝင် အသိအမှတ်ပြုခြင်းများလည်း မရှိသေးကြောင်း သတင်းရရှိသည်။

Eleven Media Group