မန္တလေးတိုင်းအတွင်း ရှေးဟောင်းအမွေအနှစ် ဓလေ့ထုံးစံများကို ယဉ်ကျေးမှု ဝန်ကြီးဌာန မှတ်တမ်းတင်မည်

ပို့စ်တင်ချိန် - 1/22/2014 11:20:00 AM


မန္တလေး၊ ဇန်နဝါရီ ၂၀

မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ် များနှင့် ယဉ်ကျေးမှု ထုံးတမ်းဓလေ့များ မြောက်မြားစွာ တည်ရှိနေသည့် မန္တလေး တိုင်းဒေသကြီးအတွင်း ပျောက်ကွယ်နိုင်ရန် အလားအလာရှိသည့် ရှေးဟောင်း အမွေအနှစ်နှင့် ဓလေ့ထုံးစံများကို ယဉ်ကျေးမှု ဝန်ကြီးဌာနက မှတ်တမ်းတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အစီအစဉ်ရှိသည်ဟု ရှေးဟောင်း သုတေသန အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာနထံမှ စုံစမ်းသိရှိ ရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ပျောက်ကွယ်နိုင်ရန် အလားအလာရှိသည့် ရှေးဟောင်းအမွေအနှစ် ဓလေ့ထုံးစံများကို ကုန်ထုတ်လုပ်ငန်း အသုံးအဆောင်များ၊ ပျောက်ကွယ် သွားတော့မည့် မြန်မာ့ရိုးရာ အစားအစာများ၊ မြန်မာ့ရိုးရာပွဲတော်များ ဟူ၍ သုံးပိုင်းခွဲကာ ထိန်းသိမ်းမည်ဖြစ်ပြီး ထိန်းသိမ်းမည့် အမျိုးအစားကို ၅၁ မျိုးခွဲခြား ထားကြောင်း၊ ထိန်းသိမ်းမည့်ဒေသနှင့် ပတ်ဝန်းကျင်များမှာ မန္တလေးတိုင်းအတွင်း ရှိ မြို့ပေါ် ခြောက်မြို့နယ်နှင့် ပုသိမ်ကြီး၊ နွားထိုးကြီးနှင့် ရမည်းသင်းမြို့နယ် တို့ရှိ ရှေးဟောင်း အမွေအနှစ် ဓလေ့ထုံးစံများကို ထိန်းသိမ်းမည့် အမျိုးအစားအလိုက် ဝန်ထမ်းများက ခေါင်းစဉ် ခွဲ၍ သုတေသနပြုလုပ် မှတ်တမ်းတင်မည့် အပြင် တွေ့ရှိ မှတ်တမ်းတင်သည့် ရှေးဟောင်းအမွေ အနှစ် ဓလေ့ထုံးစံများကို ရှေးဟောင်း သုတေသန ရုံးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံ ပေးပို့ တင်ပြမည်ဖြစ်ကြောင်း ရှေး ဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ က ပြောကြားသည်။

ယင်းသို့ ဆောင်ရွက်ခြင်းသည် ဌာနဝန်ထမ်းများ သုတေသန အားကောင်းမှု ရှိစေရန်နှင့် ရိုးရာဓလေ့များကို မှတ်တမ်းထား ရှိရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းကဆိုသည်။

မန္တလေးတိုင်းအတွင်း ပျောက်ကွယ် တော့မည့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများ၊ ဓလေ့များ၊ ရိုးရာလုပ်ငန်းများ အတွက် ပုဂ္ဂလိကများက ပြုပြင် ထိန်းသိမ်းလိုလျှင် လုပ်ငန်းစီမံချက်ဖြင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) သို့ တင်ပြမှု ရှိလာလျှင် UNESCO က ၂ နှစ် စီမံကိန်းဖြင့် အကူအညီပေးမည့် အစီအစဉ် များကိုလည်း နိုဝင်ဘာလအတွင်း နေပြည်တော် ယဉ်ကျေးမှုဌာနတွင် ကျင်းပခဲ့သည့် UNESCO အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည်ဟု ၄င်းအလုပ်ရုံ ဆွေးနွေးပွဲကို သွားရောက်တက်ခဲ့သည့် ရုပ်သေးပညာရှင် ဒေါ်မမနိုင်က ပြောကြားသည်။

"တမ္ပဝတီမှာဆိုရင် ကြေးသွန်း လုပ်ငန်းတွင် ပါဝင်တဲ့ ခတ်ကြေးစည်သွန်း လုပ်ငန်းတွေက ပျောက်သလောက် ရှိနေပြီ။ အခုလည်း ပန်းပုလုပ်ငန်း တစ်စတစ်စ ပျောက်နေတဲ့အတွက် အမြန်ဆုံး ထိန်းသိမ်းသင့်တယ်" ဟု ပြည့်ဝ မြန်မာမှုကြေးသွန်း လုပ်ငန်းပိုင်ရှင် ဦးလှမြင့်က ပြောကြားသည်။

မန္တလေးတွင် ရိုးရာသံဃာတော် ဆောင်းထီးလုပ်ငန်းသည် အိမ်တော်ရာ ဘုရားဝန်းကျင်တွင် ပျောက်ကွယ်မှုရှိပြီး သံဃာတော်ဆောင်း ထီးများကို ပုသိမ်မှ မှာယူနေရကြောင်းနှင့် ရိုးရာဖိနပ်များနေရာ တွင် တရုတ်နိုင်ငံမှ ဝင်လာသည့် ကတ္တီပါ ဖိနပ်များက ဈေးနှုန်းသက်သာစွာ ဝင်ရောက်လာသဖြင့် ရိုးရာဖိနပ် လုပ်ငန်းများ ပျောက်ကွယ်သွားနိုင်သည့် အခြေ အနေတွင်ရှိကြောင်း မြို့ခံများကဆိုသည်။

မြန်မာနိုင်ငံတွင် ပျောက်ကွယ်တော့ မည့် ရိုးရာဓလေ့ ယဉ်ကျေးမှုများကို မှတ်တမ်းတင်ခြင်းနှင့် ပြန်လည်ရှင်သန် စေရန်အတွက် UNESCO က အထောက် အပံ့ပေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ များကို နေပြည်တော် ယဉ်ကျေးမှုဝန်ကြီး ဌာနတွင် UNESCO က ကျွမ်းကျင်သည့် ပညာရှင်များ၊ ပြင်ပပညာရှင်များနှင့် ဝန်ကြီးဌာန၏ ကျွမ်းကျင်သူများ ပါဝင်သည့် အလုပ်ဆွေးနွေးပွဲကို နှစ်ရက်တာ ကျင်းပ ခဲ့သည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန် ရှိသူများက ပြောကြားသည်။

မန္တလေး ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန အနေနှင့် ပျောက်ကွယ်တော့မည့် ရိုးရာဓလေ့ မှတ်တမ်းတင်ခြင်း လုပ်ငန်းများ ကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် မကုန်မီ အပြီး လုပ်ဆောင်သွားမည်ဟု အဆိုပါဌာန ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly Myanmar