နှစ်သစ်ကူးတွင် ပထမဆုံး မီးလောင်မှု တောင်ကြီး ကန်အောက်ရပ်ကွက်တွင် ဖြစ်ပွား

ပို့စ်တင်ချိန် - 1/01/2014 07:45:00 PM


တောင်ကြီး၊မဇ္ဈိမ ။        ။ တောင်ကြီးမြို့ ကန်အောက်ရပ်ကွက်၊ ခတ္တာလမ်း၊ နယ်မြေ(၁)ရှိ နမ်းခေးမောဝ် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်၏ ဂိုဒေါင်တွင် မီးလောင်ကျွမ်းမှုတစ်ခု နှစ်သစ်ကူးစအချိန် ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၁ရက် နံနက် ၁နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။

မီးလောင်ကျွမ်းခဲ့သည့် ဂိုဒေါင်သည် သွပ်မိုးပျဉ်ကာ ဂိုဒေါင်တစ်ခုဖြစ်ပြီး ဂိုဒေါင်တွင်း၌ တပ်ဆင်ထားသည့် လျှပ်စစ်ဝါယာကြိုးများ
ဟောင်းနွမ်းပေါက်ပြဲနေသဖြင့် လျှော့ဖြစ်ရာမှု မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

မီးလောင်ကျွမ်းသည့်နေရာသို့ တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းကာ မီးငြှိမ်းသတ်ခဲ့ပြီး နံနက် ၂နာရီ ၁၀မိနစ်ခန့်တွင် မီးငြိမ်းခဲ့သည်။

"ကျွန်တော်တို့ အိပ်ပျော်နေတာ၊ မီးတောက်တွေ ထွက်လာမှ သံချောင်းတွေခေါက်ပြီး တစ်ရပ်ကွက်လုံး နိုးကုန်တယ်၊ လူအင်အား များတာရယ်၊ လမ်းကလည်း သာတာရယ်ကြောင့် လူဦးလို့ မီးငြှိမ်းသတ်နိုင်တာ"ဟု ခတ္တာလမ်းနေသူ ကိုအယ်သားက မဇ္ဈိမကို
ပြောသည်။

မီးလောင်ရာနေရာသို့ မီးသတ်ဦးစီးဌာန မှ မီးသတ်ယာဉ် ၆စီး ၊ အေးသာယာ မီးသတ်ဌာနမှ မီးသတ်ကား ၁စီး ၊ ရွှေညောင် မီးသတ်ဌာနမှ မီးသတ်ကား ၁စီး၊ စည်ပင်မှ ရေယာဉ် ၂စီး ပုဂ္ဂလိက ရေယာဉ် ၃စီး၊ ထော်လဂျီ ရေကား ၅စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ် သိန်း၃၀ခန့်ရှိသည်ဟု လတ်တလောတွက်ချက်မှုအရ ခန့်မှန်းထားကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

ယင်းကဲ့သို့ မီးလောင်ကျွမ်းမှုကြောင့် ဂိုဒေါင်ပိုင်ရှင်အား တောင်ကြီးမြို့မ ရဲစခန်းက (ပ)၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅အရ အမှုဖွင့် အရေးယူ
ဆောင်ရွက်ထားသည်။
Mizzima Burmese