ဒေါ်အောင်ဆန်းစုကြည် ဟားခါးမှာ ဟိုတယ် မရ

ပို့စ်တင်ချိန် - 1/09/2014 09:43:00 AM


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ် ခရီးစဉ်အတွင်း မနေ့ညက ဟားခါး မြို့ မှာ ဟိုတယ်ကို ကြိုတင် စာရင်းပေးသွင်းထားခဲ့ပေမယ့် ဘယ်လို အကြောင်းကြောင့် မသိရဘဲ ဟိုတယ်မှာ တည်းခိုလို့ မရလို့  ချယ်ရီ တည်းခိုခန်းမှာပဲ အိပ်လိုက်ရတယ်လို့ သိရတယ်။
ချင်းပြည်နယ် ခရီးစဉ်အတွင်း ချင်းလူထုနဲ့ တွေ့ဆုံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ဇာနည်မာန်/ ဧရာဝတီ

"ဟိုတယ်က ကြိုတင်ဘွတ်ကင် လုပ်ထားတာ ၊ ဟားခါး ရောက်မှ အခန်းမလုံလောက်ဘူး ဆိုပြီး ဖြစ် သွားတာ" တဲ့ 
  
ဒီသတင်းဟာ အွန်လိုင်းလောကကို အတော် ဆူသွားစေခဲ့တယ်။ တချို့က ကမ္ဘာနဲ့ မြန်မာအကြား ပေါင်းကူး ချိတ် ဆက်ပေးနေသူ၊ ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ပနိုင်ငံ ခရီးစဉ်တွေ မှာတောင်  ကောဇောနီခင်းပေးပြီး ကြိုဆိုခံရသူ၊ ချင်းပြည်နယ် လူထုရဲ့ သောင်းသောင်း ဖြဖြ ကြိုဆိုတာ ခံရသူ၊ ဒီလိုလူမျိုးကို ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဲဆွယ်ခရီးစဉ်ဖြစ်တာကြောင့် အခုလို အခက်အခဲဖြစ်အောင် တမင် ရည်ရွယ်လုပ်တယ်လို့ စွပ်စွဲရေးသားနေကြပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တော်တော်များများမှာ အစိုးရပိုင်းက အဖက်ဖက်က အဆင်ပြေချောမွေ့အောင် စီစဉ်ပေးတာတွေ ရှိပေမယ့် တခါတရံ ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေရဲ့ တစုံတခုသော ညွှန်ကြားချက်တွေ
အရ အဆင်မပြေဖြစ်တတ်တာတွေ တွေ့ရလေ့ ရှိတယ်လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတချို့က ပြောတယ်။ 

တချို့က ပြောတော့လည်း အခုလို ဖြစ်ခဲ့ရတာဟာ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကြိုတင် စီမံမှုမှာ တခုခု အားနည်း လို့ ဖြစ်မယ်လို့ ဆိုတာတွေ လည်း ရှိသလို  ဟိုတယ်ကို ကြိုတင် ဘွတ်ကင်လုပ်ထားပြီး သေချာ စီစဉ်ထားပေ မယ့် မနေ့ညရောက်မှ ဟိုတယ်က မရဘူးဆိုပြီးဖြစ်လာလို့ ခရီးစဉ် လိုက်ပါသွားကြတဲ့ သတင်းထောက်တွေ လည်း ဖြစ်သလို အိပ်လိုက်ကြရတာလို့ သိရတယ်။ 

ဒါဟာ ကောင်းတဲ့ နမိတ်မဟုတ်ဘူးဆိုတဲ့အကြောင်းလည်း ရှေ့မီ၊ နောက်မီ တချို့က ထင်မြင်ချက်ပေးတာတွေ လည်း ရှိနေတယ်။ 

တလောကပဲ ၂ဝ၁၄ ခုနှစ် မှာ ပထမဆုံး ပြောတဲ့ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းထဲက ပြောသလို အတိုက်အခံ 
နိုင်ငံရေး အမြင်မတူသူတွေကလည်း အရင်ကလို ထိပ်တိုက်ရင်ဆိုင်မှုတွေ မလုပ်တော့ဘဲ ပူးပေါင်း ဆောင် ရွက်မှုတွေ လုပ်လာလို့ နိုင်ငံရေး ယဉ်ကျေးမှုသစ် ထွန်းကားလာနေပြီ ပြောပေမယ့်  အခုတော့ အဖု အထစ် တခုခုဖြစ်ဖို့ လုပ်တာကတော့ သမ္မတ ဦးသိန်းစိန်အပြောနဲ့ လွဲနေပြီ လို့ ပြောနေသူတွေလည်း ရှိတယ်။ 


အိမ့်သံစဉ် ~