မြန်မာတိုင်း (မ်) ကို ဖျက်သိမ်းရန် လျှောက်ထားမှု ပလပ်ခံရ

ပို့စ်တင်ချိန် - 1/09/2014 04:48:00 PM




ရန်ကုန်၊ ဇန်နဝါရီ ၈

မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် မြန်မာတိုင်း (မ်) ဂျာနယ်ကို ထုတ်ဝေနေသည့် Myanmar Consolidated Media ကို ဖျက်သိမ်းရန် အဆိုပါ ကုမ္ပဏီ၏ အစုရှယ်ယာ ၅၀ ကျော် ပိုင်ဆိုင်ထားသည့် ဒါရိုက်တာနှစ်ဦးက ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက်ထားမှုကို ဇန်နဝါရီလ ၇ ရက်နေ့တွင် အဆိုပါ တရားရုံးက ပလပ်လိုက်ကြောင်း မြန်မာ တိုင်း (မ်) ဂျာနယ်၏ အကြီးတန်း စာတည်းမှူး ဦးမောင်သွေးသစ်က ပြောကြားသည်။

ကုမ္ပဏီ၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် ဒါရိုက်တာ နှစ်ဦးဖြစ်သည့် ဒေါက်တာ တင်ထွန်းဦးနှင့် ဒေါက်တာ ခင်မိုးမိုးတို့က ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ယင်းသို့ လျှောက်ထားခြင်း ဖြစ်ပြီး လျှောက်ထားပြီး လေးလကျော် အကြာတွင် တရားရုံးက ယင်းသို့ ပလပ်လိုက်ခြင်း ဖြစ်သည်။

ကုမ္ပဏီ ဖျက်သိမ်းရန် လျှောက်ထားမှုကို ပလပ်လိုက်သော်လည်း ရှေ့နေနှင့် တိုင်ပင်ကာ အဆင့်ဆင့် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာ တင်ထွန်းဦးက ဆိုသည်။
“ဘောလုံးပွဲ တစ်ပွဲလိုပါပဲ။ အခုမှ ပြိုင်ပွဲက အစပဲရှိသေးတယ်။ ပွဲမပြီးသေးပါဘူး။ နစ်နာ ဆုံးရှုံးခဲ့ရတာတွေ အများကြီး ရှိခဲ့တယ်။ ဒါပေမဲ့ တရားကို နတ်စောင့်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

Myanmar Consolidated Media ကုမ္ပဏီက ထုတ်ဝေနေသည့် မြန်မာတိုင်း(မ်) ဂျာနယ်၊ NOW! မဂ္ဂဇင်းကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ဝေမှု ခေတ္တရပ်ဆိုင်းမည်ဟု ပြည်မြန်မာ ဂျာနယ်မှတစ်ဆင့် ဒေါက်တာတင်ထွန်းဦးက ကြေညာခဲ့သော်လည်း မြန်မာတိုင်း(မ်) ဂျာနယ်၊ NOW! မဂ္ဂဇင်းတို့ကို ဆက်လက် ထုတ်ဝေသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ဒေါက်တာ ခင်မိုးမိုးသည် ဇွန်လ ၂၈ ရက်နေ့က မြန်မာတိုင်း(မ်) ရုံးခန်းသို့ သွားရောက်စဉ် ရုံးနှင့် မသက်ဆိုင်သူများကို ခွင့်ပြုချက် မရှိဘဲ ရုံးခန်းအတွင်းသို့ ခေါ်လာသည်ဟုဆိုကာ ရော့စ်ဒန်ကလီက ဒေါက်တာ ခင်မိုးမိုး၏ လက်မောင်းဆွဲကာ Get Out ဟု ပြောဆိုပြီး ၎င်းနှင့်အတူ လိုက်ပါလာသည့် သမက်ကို လက်သီးဖြင့် ထိုးခဲ့ရာမှ ပြဿနာ ဖြစ်ပွားခဲ့ပြီး ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် နှစ်ဖက်အပြန်အလှန် တရားစွဲဆို ခဲ့ကြသည်။

Myanmar Consolidated Media ကုမ္ပဏီကို သြစတြေးလျ နိုင်ငံသား ရော့ဒန်ကလေနှင့် တပ်မတော် ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် သိန်းဆွေ၏ သားဖြစ်သူ ဦးဆန်နီဆွေတို့က ၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ကြပြီး တပ်မတော် ထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းပြီးချိန်တွင် ရှယ်ယာရှင်များ ဖြစ်ကြသည့် ဦးဆန်နီဆွေနှင့်ဇနီး ဒေါ်ယမင်းထင်အောင်တို့၏ အစုရှယ်ယာများကို ပြည်မြန်မာ ဂျာနယ် ထုတ်ဝေသော ဒေါက်တာ တင်ထွန်းဦးနှင့် ဒေါက်တာ ဒေါ်ခင်မိုးမိုးတို့ကို ရောင်းချပေးခဲ့သည်။

Myanmar Consolidated Media ကုမ္ပဏီ၏ အစုရှယ်ယာ ၄၉ ရာခိုင်နှုန်းကို မစ္စတာရော့စ်ဒန်ကလီက ပိုင်ဆိုင်ထားသည်။

The Voice Weekly Myanmar