ပင်လယ်စာ မြိတ်ကတ်ကြေးကိုက်

ပို့စ်တင်ချိန် - 1/20/2014 07:41:00 PM


အခုကြော်ထားတဲ့ မြိတ်ကတ်ကြေးကိုက်ကတော့ ဒေါ်ပုမြိတ်မြို့မှာ ၃ လလောက်နေခဲ့စဉ်က အမြဲဝယ်စားဖြစ်ခဲ့တဲ့ ဆိုင်က အတိုင်းကြော်ထားတာပါ။ မြိတ်ကတ်ကြေးကိုက်ကြော်ရန်အတွက် ပင်လယ်စာများကို ကြိုက်နှစ်သက်သလို ထည့်လို့ရပါတယ်။ ပုစွန်၊ ကင်းမွန် ၊ရေဘဝဲ၊ ရှပ်၊ဂုံး၊ကမာ စသည့် ကြိုက်နှစ်သက်သည့် ပင်လယ်စာများကို ရေစင်အောင် ဆေးထားပါ။ ပုစွန်ကို ရေဆေးကာ ခေါင်းများဖြုတ်ထားပါ။ ကင်းမွန်ကိုလဲ အညစ်အကြေးများဖယ်ထုတ်ပြစ်ပြီး သန့်စင်အောင်ဆေးကာ ကြိုက်နှစ်သက်သလို ပုံစံလေးများ လှီးထားပါ။ ပင်လယ်စာများအားလုံး ဆေးကြောသန့်စင်ပြီးလျှင် ဆားအနည်းငယ်ထည့်ကာ နှံ့အောင်နယ်ထားပါ။
ငရုတ်သီးအနှစ်လုပ်ရန်အတွက် ငရုတ်သီးခြောက်ကို ရေစိမ်ပြီး ညက်အောင်ထောင်းကာ ရေနွေး ထမင်းစားဇွန်း တစ်ဇွန်းလောက်ထည့်ကာ မပျစ်မကျဲ ဖျော်ထားပါ။ တချို့ က ငရုတ်သီးအကြမ်းဖတ်နဲ့လဲ ကြော်ကြပါတယ်။ ပဲတီပင်ပေါက်များကိုရေဆေးပြီး ဇကာနှင့်ရေပြန်စစ်ထားပါ။ ညှပ်ခေါက်ဆွဲဖတ်များကို ဆီထမင်းစားဇွန်း ၁ ဇွန်းလောက်ထည့်ပြီး လုံးထွေးပြီးကပ်မနေအောင် မွှထားပါ။

ကြက်သွန်နီကို ပါးပါးလှီးထားပါ။ အားလုံးကြော်ရန် အဆင်သင့်ဖြစ်ပြီဆိုလျှင် ဒယ်အိုးထဲတွင် ဆီအသင့်အတင့်ထည့်ကာ ပါးပါးလှီးထားသော ကြက်သွန်နီထည့်၍ ဆီသတ်ပါ။ ကြက်သွန်နီများ နွမ်းလာလျှင် ထောင်းထားသော ငရုတ်သီးအနှစ်ကိုထည့် ပြီးမွှေပေးပါ။ပြီးလျှင် ပင်လယ်စာများကိုထည့်ကာ မွှေပေးပါ။ ဆား၊ ပအုန်းရည် (သို့) ရှာလကာရည်နှင့် ပဲငံပြာရည်အကြည် အနည်းငယ်ဆီထည့်ကာ မွှေပေးပါ။ ပဲငံပြာရည် အပျစ်ကြိုက်လျှင်လည်း အနည်းငယ် ထည့်လို့ရပါတယ်။ ကြက်သားမှုန့်၊အရသာမှုန့်၊ဟင်းချိုမှုန့် ကြိုက်နှစ်သက်ရာနှင့် ထည့်ကြော်ချင်လျှင်လည်း ထည့်ကြော်လို့ရပါတယ်။

ပြီးနောက် ပင်လယ်စာများ ကျက်လောက်ပြီဆိုလျှင် ညှပ်ခေါက်ဆွဲဖတ်များကိုထည့်ကာ အထက်အောက် မွှေပေးပါ။ ရေဆေးပြီး စစ်ထားသော ပဲတီပင်ပေါက်ကို ညှပ်ခေါက်ဆွဲဖတ်များမထည့်ခင် ထည့်ပါက နွမ်းလွယ်၍ ညှပ်ခေါက်ဆွဲဖတ်များ ထည့်ပြီးမှ ပဲတီပင်ပေါက်များကို ထည့်ပေးပါ။ အားလုံးနှံ့ပြီဆိုလျှင် အပေါ့အငံမြည်းကြည့် ပြီး ပဲပြုတ်ထည့်ကာ အရသာကောင်းမွန်သော ပင်လယ်စာ မြိတ်ကတ်ကြေးကိုက်လေး သုံးဆောင်လို့ရပါပြီရှင်။ ကြက်ဥကြော်နှင့် ကြက်သွန်မိတ် တို့လည်း ကြိုက်လျှင်ထည့်လို့ရပါတယ်။ ဒေါ်ပုကတော့ ပင်လယ်စာ မြိတ်ကတ်ကြေးကိုက်ကြော်စားရင် ကြက်ဥကြော်ထည့်မစားပါဘူး။

အချဉ်အတွက်ကိုတော့ ပဲတီပင်ပေါက်နှင့် ငရုတ်သီးအကြမ်းဖတ်အနည်းငယ်ကို ပအုန်းရည် (သို့) ရှာလကာရည် မမြုတ်တမြုတ်ထည့်ကာ ဆားနှင့်သကြား အသင့်အတင့်ထည့်မွှေ၍ အနည်းဆုံး ၅ နာရီ လောက်ကြာအောင်
ကြို ပြီး စိမ်ထားပေးပါ။ ပဲတီပင်ပေါက်အချဉ်ကို ပင်လယ်စာ မြိတ်ကတ်ကြေးကိုက်နှင့် တွဲဖက်စားသုံးပါက စားကောင်း၍ လိုက်ဖက်ပြီး အအီလဲပြေစေပါတယ်ရှင်။
ဒေါ်ပုလက်ရာ