မြစ်ကြီးနားမြို့တွင် ၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည်များတွေ့ရှိ

ပို့စ်တင်ချိန် - 1/30/2014 06:14:00 PM




 မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်း ဇန်န၀ါရီလ ၂၅၊ ၂၆၊ ၂၇ ရက်နေ့များ၌ ၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည် ၀တ်ဆင်သူ၊ ရောင်းချသူများကို တွေ့ရှိခဲ့ရသဖြင့် မြို့နယ်-အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်အဖွဲ့မှ လိုက်လံ ၀ယ်ယူသိမ်းဆည်းမှုများ ပြုလုပ်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ မြစ်ကြီးနားမြို့ပေါ်ရှိ အထည်ဆိုင်များနှင့် မြို့မဈေးကြီးအတွင်းရှိ အထည်ဆိုင်များကို အဆိုပါ ပါတိတ်လုံချည်များအား ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၉၆၉ တံဆိပ်ပါ ပါတိတ်လုံချည်များကို “ (၂၅၊၁၊၂၀၁၄) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရမ်ပူရပ်ကွက်နေ မတူး(ဘအမည်၊အသက်၊နေရပ်လိပ်စာ) စီစစ်ဆဲမှ ၉၆၉ တံဆိပ်ရိုက်နှိပ်ထားသည့် ပါတိတ်လုံချည် ၀တ်ဆင်နေတာကို တွေ့ရှိရသဖြင့် ရွှေညောင်ပင်ရပ်ကွက်မှ မြို့နယ် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ဦးတင်မြင့်၊ ဦးသန်းရွှေ၊ ဦးဝင်းနိုင်၊ ဦးလွှမ်းမိုးတို့ထံသို့ အကြောင်းကြားပြီး အဆိုပါ ပါတိတ်လုံချည်(ချုပ်ပြီးသား)ကို အပ်နှံခဲ့ပါတယ်၊

(၂၆၊၁၊၂၀၁၄) ရက်နေ့ နံနက် ၁၀ နာရီအချိန် ရမ်ပူရပ်ကွက်ဈေးအတွင်း အထည်ရောင်းသူ ဒေါ်မာယာ(အဘအမည်၊ အသက်၊ နေရပ်လိပ်စာ)စီစစ်ဆဲထံမှ ၉၆၉ တံဆိပ်ရိုက်နှိပ်ထားသည့် ပါတိတ်လုံချည်နှစ်ထည် တွေ့ရှိသဖြင့် ဦးတင်မြင့်နှင့် အဖွဲ့မှ ၀ယ်ယူသိမ်းဆည်းခဲ့ပါတယ်။

(၂၇၊၁၊၂၀၁၄)ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဒေါ်စိန်စိန်လှ (၅၇)နှစ်၊ (ဘ) ဦးကြူးချန်း၊ ၁/မကန(နိုင်)၀၉၇၄၀၇၊ ဗမာ၊ဗုဒ္ဓ၊ ရမ်ပူရပ်ကွက်နေသူမှ ရမ်ပူရပ်ကွက်ဈေးအတွင်း အထည်ရောင်းသူ ဒေါ်အေးမူ၏ အထည်ဆိုင်တွင် ၉၆၉ တံဆိပ်ရိုက်နှိပ်ထားသည့် ပါတိတ်လုံချည်များ တွေ့ရှိကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့် ဦးတင်မြင့်နှင့် အဖွဲ့မှ သွားရောက်ကြည့်ရှုရာ ဒေါ်အေးမူမှ ၉၆၉ တံဆိပ်ရိုက် ပါတိတ်လုံချည် (၅)ထည်နဲ့ ဒေါ်စိန်စိန်လှကလည်း ချုပ်ပြီးသား ပါတိတ်လုံချည် (၂) ထည်အား ဦးတင်မြင့်ထံ အပ်နှံခဲ့ပါတယ်။

ရွှေညောင်ပင်ရပ်ကွက်မှ ဦးတင်မြင့်နှင့်အဖွဲ့သည် ၉၆၉ တံဆိပ်ရိုက်နှိပ်ထားသည့် ပါတိတ်လုံချည် (၁၀)ထည် တွေ့ရှိမှုနှင့် ပက်သက်၍ မြစ်ကြီးနားမြို့နယ်၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဆရာတော် ဘဒ္ဒန္တသီလာစာရထံ လျှောက်ထားတင်ပြခဲ့တာဖြစ်တယ်၊ ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့် ပူပေါင်းကာ မြစ်ကြီးနားမြို့အတွင်း ဆက်လက်ရှာဖွေသွားမယ်”လို့ မြို့နယ်-မဘသ အဖွဲ့ဝင် တစ်ဦးမှ ပြောကြားသည်။

ဧရာဝတီမြစ်ဖျားဆီက