မြောက်ဥက္ကလာပတရားရုံး မီးလောင်မှုကြောင့် စစ်ဆေးဆဲအမှုများ အငြင်းပွားနိုင်

ပို့စ်တင်ချိန် - 1/22/2014 11:10:00 AM


မြောက်ဥက္ကလာပမြို့ နယ် တရားရုံးအတွင်း မိနစ်၂၀ ခန့်ကြာ မီးလောင်ကျွမ်းခဲ့ရာ အမှုတွဲစာရွက်စာတမ်းများ မီးထဲပါသွားခြင်းကြောင့် နောက်ပိုင်းတွင် အငြင်းပွားမှုကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း) က ပြောသည်။

ဇန်န၀ါရီ ၂၀ ရက် နံနက် ၃ နာရီဝန်းကျင်ခန့်က မြောက်ဥက္ကလာပမြို့နယ်တရားရုံးတွင် အမှုနှင့်ပတ်သက်သည့် မှတ်တမ်းမှတ်ရာ စာရွက်စာတမ်းများ၊ ငွေဖြတ်ပိုင်းများ၊ အမှုတွဲဖိုင်များ သိမ်းဆည်းလေ့ရှိသော စာကြည့်တိုက် စီမံခန်းအတွင်းမှ ပန်ကာကို တစ်ညလုံးဖွင့်ထားခဲ့၍ ၀ိုင်ယာကြိုး အပူလွန်ကဲခဲ့ပြီး   မျက်နှာကြက်ပေါ်ရှိ    လျှပ်စစ်ဝိုင်ယာကြိုးများ ရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်ကျွမ်းရာတွင် တရားရုံးမှ  သိမ်းဆည်းထားသော လိုင်စင်မဲ့ဆိုင်ကယ် အစီး ၅၀ အပြင် အဆောက်အအုံအခန်းတစ်ခန်း  မီးလောင်ကျွမ်းခဲ့ရာ ငွေကျပ် ၁၈သိန်းဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု သက်ဆိုင်ရာမြို့နယ်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့   မီးလောင်ကျွမ်းခဲ့မှုကြောင့် တရားရုံးပိုင်းဆိုင်ရာ လုပ်ငန်းများနှင့် အမှုသည်တို့အတွက် အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်ပြီး မီးလာင်ကျွမ်းခဲ့ရာတွင် တရားမမှုစာရွက်စာတမ်းများ၊ အမှုတွဲဖိုင်များ ပါဝင်ခဲ့ပါက အမှုပြန်လည်တည်ဆောက်ရာတွင် အငြင်းပွားစရာများ  ဖြစ်ပေါ်လာနိုင်ကြောင်း သတင်းရရှိသည်။
““အမှုသည်တွေရော ရုံးပိုင်းရော အများကြီး အကျိုးသက်ရောက်သွားတာပေါ့။ ရုံးပိုင်းဆိုရင် အကုန်လုံး လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာပေါ့။ ဘာမှကို မကျန်ခဲ့တဲ့ကိစ္စ။ အစကနေပြန်လုပ်ရင်တောင် တော်တော်မလွယ်ကူတဲ့ကိစ္စပဲ။ အမှုသည်ဘက်ဆိုရင် အချုပ်တရားခံက ရက်ချိန်းယူဖို့သက်သက်ပဲ။ ချိန်းရတယ်။ တရားမအမှုဆိုရင် စာရွက်တွေ မီးလောင်ခဲ့တဲ့အတွက် အမှုပြန်တည်ဆောက်ရင် အငြင်းပွားစရာတွေရှိတယ်။    ပြစ်မှုဆိုရင်တော့ ရဲစခန်းမှာရှိတဲ့ တိုင်ချက်နဲ့ ပြန်တည်ဆောက်လို့ရတယ်။ သို့သော် သက်သေထွက်ဆိုချက်တွေမှာ အခက်အခဲရှိပြီး အငြင်းပွားစရာတွေ ပေါ်လာမှာပေါ့”” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော် (မရန်းကုန်း)ကပြောသည်။

““အမှုတွဲဖိုင်တွေလားဆိုတာတော့ ကျွန်တော့်ရုံးမဟုတ်တဲ့အတွက် ကျွန်တော်မသိနိုင်ဘူး။ စာကြည့်တိုက်စီမံအခန်း မီးလောင်တဲ့အတွက် စာရွက်စာတမ်းတွေ စာအုပ်တွေတော့မြင်တယ်။ အမှုတွဲတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် စစ်လည်းမစစ်ဘူး။ ကျွန်တော့်တပည့်တွေကိုလည်း ဘာမှ မလွှင့်ပစ်ခိုင်းဘူး။ ဒီအတိုင်းပဲ ရှေ့မှာထုတ်ထားခိုင်းတယ်”” ဟု မီးသတ်ဦးစီးအရာရှိ ဦးအေးကျော်က ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် မြို့နယ်တရားရုံးကို ယာယီပိတ်ထားရ၍ အမှုကိစ္စ ရုံးလုပ်ငန်းပိုင်းများ၊ ရုံးချိန်းများကို ခေတ္တရက်ရွှေ့ဆိုင်းထားသည်။ ထို့ကြောင့် အမှုကိစ္စဖြင့် တရားရုံးသို့ ရုံးချိန်းလာရောက်ခဲ့သည့် အမှုသည်များမှာ ရက်ချိန်းရွှေ့ဆိုင်းခံရ၍ အခက်အခဲများဖြစ်ခဲ့သည်။ တရားရုံးသို့ လာရောက်ခဲ့သူများနှင့် ပတ်ဝန်းကျင်ရှိ လူအချို့မှာ မီးလောင်မှုအပေါ် သံသယ၀င် လျက်ရှိကြသည်။

““ပန်ကာရှော့ဖြစ်ပြီး မီးလောင်တယ်လို့ ပြောတယ်။ ပန်ကာတစ်နေကုန်ဖွင့်လို့ မီးလောင်မယ်ဆိုရင် ကြားထဲက ရုံးပိတ်ရက်မှာကတည်းက  သောကြာညမဟုတ်ရင် စနေလောက်ကတည်းက မီးလောင်နေပြီပေါ့။ အခုဟာ ဘာကြောင့်လောင်တယ်ဆိုတာတော့ စဉ်းစားစရာပဲ”” ဟု အမှုရုံးချိန်းလာရောက်သည့် မြောက်ဥက္ကလာပမြို့နယ်အတွင်းနေထိုင်သူ မအေးအေးမြင့်က ပြောသည်။

ထို့အပြင် မီးလောင်ကျွမ်းနေစဉ်က တရားရုံးရှေ့တွင် အများပြည်သူ သံသယဖြစ်ဖွယ်ရှိသည့် ကိစ္စအချို့လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်ရပ်မှာ မီးလောင်ကျွမ်းနေ၍ လူအများရပ်ကြည့်နေစဉ် စာအချို့ ရေးသားထားသော စာရွက်များကို ဝေပေးခဲ့ကြောင်း သိရသည်။

ယင်းစာရွက်တွင် ““သင့်မှာငွေရှိလျှင် ကျွန်ုပ်ဆီကိုလာခဲ့ပါ။ မည်သည့်အမှုမဆို နိုင်စေရမည်”” ဟုဆိုကာ စာကြောင်းများ၏အောက်တွင် မြောက်ဥက္ကလာပတရားရုံးမှ ရှေ့နေတစ်ဦး၏အမည် ထိုးထားကြောင်း    တွေ့ရသည်။ ထိုဖြစ်ရပ်ဖြစ်ပွားခဲ့၍ အနီးပတ်ဝန်းကျင်ရှိ လူအများက သံသယဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
““၀ိုင်ယာရှော့ဖြစ်တယ်လို့ အဲဒီလို အပေါ်ယံဆုံးဖြတ်လို့မရဘူး။ ဟိုရုံးကို ကာကွယ်တဲ့အနေနဲ့ ၀ိုင်ယာရှော့ဖြစ်တယ်လို့ မဖြစ်သင့်ဘူး။ အရှိကိုအရှိတိုင်း ပြောဖို့လိုတဲ့အတွက် စုံစမ်းစစ်ဆေးဖို့လိုတယ်။ မီးစလောင်တဲ့အချိန်မှာ မီးသတ်တွေရှိတာမှ မဟုတ်တာ။ ရေနဲ့ငြှိမ်းသတ်ပြီးမှ ရောက်လာတာလေ။ ဒါဆို လမ်းပေါ်မှာတွေ့ ခဲ့ရတဲ့ စာရွက်တွေက အလကားတော့ ဝေခဲ့တာမဟုတ်ဘူး။ အခုခေတ်က      အလိုလိုလောင်တာထက် ခုနကစာရွက်တွေ တွေ့ရတဲ့အတွက် ရှုံးတဲ့ဘက်က မကျေနပ်လို့လုပ်ခဲ့တယ်လို့တော့ တွက်လို့ရနိုင်တယ်။ ဒါပေမဲ့ ဟုတ်၊ မဟုတ်တော့ ပြောရခက်တယ်”” ဟု ရှေ့နေဦးခင်ဇော်(မရန်းကုန်း)က  သုံးသပ်ပြောဆိုသည်။

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ တရားရုံးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော စာလုလင် (ညစောင့်) အသက် (၂၈)နှစ်အရွယ် နန္ဒထူးအား ပြစ်မှုဆိုင်ရာ ပုဒ်မ-၂၈၅ အရ မီးလောင်မှုဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Author: ထွန်းခိုင်၊ အေးမြတ်သူ
7 Day Daily