မူးယစ်ဆေးမှုဖြင့်ကျနေသည့် အကျဉ်းသားထံတွင် တရားရုံးအမိန့်ချပြီး ထောင်သို့ပြန်ပို့စဉ် မူးယစ်ဆေးများ ထပ်မံတွေ့ရှိ

ပို့စ်တင်ချိန် - 1/08/2014 12:07:00 PM




ဇော်ဇော်ထွေး|ဇန်န၀ါရီလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၄ ခုနှစ်

မူးယစ်ဆေးဝါးမှုဖြင့် ထောင်ခုနစ်နှစ် ပြစ်ဒဏ်ကျနေသည့် တရားခံကို အခြားတရားရုံးက မူးယစ်ဆေးဝါး မှုဖြင့်ပင် ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်ပြီး အင်းစိန်ထောင်တွင်းသို့ ပြန်ပို့စဉ်မှာပင် ၎င်းထံမှ မူးယစ် ဆေးဝါးများကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အမှုမှာ ဇန်န၀ါရီ ၆ ရက် ညနေက အရှေ့ပိုင်းခရိုင်တရားရုံးမှ အချုပ်တရားခံ ကျား၂၂ ဦး၊ မ၁၀ ဦးတို့ကို အချုပ်ယာဉ်ဖြင့် အင်းစိန်ဗဟိုအကျဉ်းထောင်သို့ ပို့ဆောင်အပ်နှံခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အဆိုပါ တရားခံများကို အင်းစိန်ထောင်ရှိ တာဝန်ကျဝန်ထမ်းများက စစ်ဆေးခဲ့ရာ မင်္ဂလာ ဒုံမြို့နယ် တရားရုံး ပြစ်မှုကြီးအမှတ် ၇၃၆/၂၀၁၂၊ မူးယစ် ဆေးဝါးပုဒ်မ ၁၆(ဂ)ဖြင့် ထောင်ဒဏ် ခုနစ်နှစ် ကျခံနေရသည့် ထောင်ကျတရားခံ အစ/၁၃/၀၅၀၄၅/က မင်းဆွေ (၃၁)နှစ်ထံမှ မူးယစ်ဆေးဝါးများ ထပ် မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းသည် အရှေ့ပိုင်းခရိုင် တရားရုံးက ပြစ်မှုကြီးအမှတ် ၂၃/၂၀၁၃၊ မူးယစ်ဆေးဝါးပုဒ်မ ၁၉(က)ဖြင့် ရုံးထွက်စစ်ဆေးခံနေရသူဖြစ်ပြီး တရားရုံးက ထောင်ဒဏ် ၁၂နှစ် ထပ်မံချမှတ်လိုက်ကာ အင်းစိန် ထောင်သို့ ပြန်ပို့စဉ်မှာပင် မူးယစ်ဆေးဝါးများကို ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုထား သည်။

၎င်းကို ရှာဖွေရာတွင် ၀တ်ဆင်ထားသည့် အနွေးထည်လက်စည်းအတွင်းမှ ကျပ်နှစ်သိန်းကျော်တန်ဖိုးရှိ WY ဆေးပြား ၄၂ ပြားကို တွေ့ရှိခဲ့ပြီး ကျပ်ငွေသုံးထောင်ကိုပါ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ၎င်းကို အရေးယူရန် ဒု- ကြီးကြပ်ရေးမှူး သိန်းနိုင် (အင်းစိန်ဗဟိုအကျဉ်းထောင်)က တရား လိုပြုလုပ် တိုင်တန်းသဖြင့် အင်းစိန်ရဲစခန်းက မယ(ပ) ၂/၂၀၁၄ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါး ပုဒ်မ ၁၅/၁၉(က)/၂၀(က)ဖြင့် အရေးယူ ရန် စစ်ဆေးသွားမည်ဖြစ်သည်။

Mizzima Burmese