လာမည့်ဘဏ္ဍာနှစ်မှစ၍ သမ္မတ၏ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မည့် အစီအစဉ်အား ယခုလွှတ်တော် အစည်းအဝေးတွင် အာဏာရ၊ အတိုက်အခံနှင့် အခြားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ဆွေးနွေးမည်

ပို့စ်တင်ချိန် - 1/04/2014 07:30:00 PM


လာမည့်ဘဏ္ဍာနှစ်မှစ၍ သမ္မတ၏ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မည့် အစီအစဉ်အား ယခုလွှတ်တော် အစည်းအဝေးတွင် အာဏာရ၊ အတိုက်အခံနှင့် အခြားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ဆွေးနွေးမည်ဟု သိရသည်။

နိုဝင်ဘာမှစ၍ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြန်လည်ညှိနှိုင်း ဆွေးနွေးပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် နိုဝင်ဘာ ၁၂ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

နိုဝင်ဘာ ၈ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မလှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချရေး ကိစ္စနှင့် ပတ်သက်၍ အရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များက အဆိုကိုထောက်ခံကာ ဓာတ်အားခ တိုးမြှင့်ကောက်ခံမှုအပေါ် ကန့်ကွက်ဆွေးနွေးခဲ့ကြပြီးနောက် လွှတ်တော်က ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လွှတ်တော်က ဘာပြောထားလဲဆိုတော့ ဒါကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အစမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနအနေနဲ့ ပြန်လည်သုံးသပ်ပြီး လွှတ်တော်ကို တင်ပြပေးရမှာပါ။ အခုသမ္မတပို့တဲ့ သ၀ဏ်လွှာအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အစမှာ တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ သဘောမျိုး သက်ရောက်တယ်။ လွှတ်တော်ကို ပြန်တင်ပြဖို့ မလိုတော့ဘူး ဆိုတာမျိုး ဖြစ်နေတယ်။ ကျွန်တော့်အမြင်ကတော့ လွဲနေတယ်။ ဒီကိစ္စကို နောက်လွှတ်တော်ကို ထပ်ဆွေးနွေးသွားမှာပါ
သို့သော် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အစတွင် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ တိုးမြှင့်ကောက်ခံရေး စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၁၄ ရက် ရက်စွဲဖြင့် ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါ သ၀ဏ်လွှာနှင့် ပတ်သက်၍ အဆိုတင်သွင်းသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သည့် အကြောင်းအရာနှင့် နိုင်ငံတော်သမ္မတ၏ ဆုံးဖြတ်ချက်သည် မကိုက်ညီသဖြင့် ယခုကျင်းပမည့် လွှတ်တော်တွင် ဆက်လက်ဆွေးမည်ဟု လွှတ်တော်၌ သတင်းထောက်များအား ပြောကြားသည်။

“လွှတ်တော်က ဘာပြောထားလဲဆိုတော့ ဒါကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အစမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနအနေနဲ့ ပြန်လည်သုံးသပ်ပြီး လွှတ်တော်ကို တင်ပြပေးရမှာပါ။ အခုသမ္မတပို့တဲ့ သ၀ဏ်လွှာအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အစမှာ တိုးမြှင့်ကောက်ခံမယ်ဆိုတဲ့ သဘောမျိုး သက်ရောက်တယ်။ လွှတ်တော်ကို ပြန်တင်ပြဖို့ မလိုတော့ဘူး ဆိုတာမျိုး ဖြစ်နေတယ်။ ကျွန်တော့်အမြင်ကတော့ လွဲနေတယ်။ ဒီကိစ္စကို နောက်လွှတ်တော်ကို ထပ်ဆွေးနွေးသွားမှာပါ” ဟု လျှပ်စစ်ဓာတ်အားခ နှုန်းထားများ လျှော့ချရေး အရေးကြီးအဆို တင်သွင်းခဲ့သူ မလှိုင်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က ပြောကြားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက “၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အစတွင် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ တိုးမြှင့်ကောက်ခံရေး စတင်ဆောင်ရွက်မယ်ဆိုတဲ့ နိုင်ငံတော်သမ္မတရဲ့ ဆုံးဖြတ်ချက်က ဆွေးနွေးဖို့ အကြောင်းတစ်ခု ဖြစ်နေပါတယ်။ လျှပ်စစ်ဓာတ်အားခကို ပြည်သူလိုအပ်တဲ့နှုန်းဖြစ်ဖို့၊ ပြည်သူတွေ နစ်နာမှုမရှိစေဖို့၊ ပြည်သူ့ဘက်က ရပ်တည်ပြီး ဆွေးနွေးပါမယ်” ဟု ပြောကြားသည်။

ထို့ပြင် လျှပ်စစ်ဥပဒေ၌ ပါဝင်သည့် ဓာတ်အားခနှုန်းထားများကို ၀န်ကြီးဌာနက ကိုင်တွယ်ရာတွင် အများပြည်သူ ထိန်းညှိမှုဖြင့် ဆောင်ရွက်နိုင်စေရေး ပါဝင်ဆွေးနွေးမည်ဟု ဦးမင်းသူက ပြောကြားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “လျှပ်စစ်ဓာတ်အားခတွေကို ပြည်သူ့ဆန္ဒမပါဘဲ တိုးကောက်တာကို တခြားအကြောင်းပြစရာ ကြီးကြီးမားမားမရှိဘဲ ဆက်လက်တိုးကောက်နေမယ်ဆိုရင် ဆက်ပြီးကန့်ကွက်ရမှာပါပဲ” ဟု ပြောကြားသည်။  

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတွင် အရှုံးပေါ်သဖြင့် ဈေးနှုန်းတိုးမြှင့်မည့်အစား လက်ရှိဆောင်ရွက်နေသည့် အခြေအနေကို ပြန်လည်စိစစ်လေ့လာ သုံးသပ်သင့်ကြောင်း၊ လျော့နည်းနေသည့် လျှပ်စစ်ယူနစ် သန်းပေါင်း ၂၅၀၀ အား ဆယ်တင်နိုင်မည်ဆိုပါက တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့်တွက်လျှင် ကျပ်ဘီလျံ ၈၆ ဒသမ ၅ ခန့် ပြန်လည်ဆယ်တင် ရရှိနိုင်မည်ဖြစ်ကြောင်း ကျားဖြူပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက သုံးသပ်ပြောကြားသည်။

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မှုများအတွက် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးအချို့တွင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။

eleven media group