သီပေါမြို့တွင် စာရေးဆရာများသမဂ္ဂအဖွဲ့ ဖွဲ့စည်း

ပို့စ်တင်ချိန် - 1/09/2014 12:40:00 AM


သီပေါ၊ ဇန်နဝါရီ ၈။
သီပေါမြို့နယ်အတွင်းဇန်န၀ါရီလ (၆) ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် သီပေါမြို့၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်း၌ စာရေးဆရာသမဂ္ဂအဖွဲ့အားဖွဲ့စည်းခဲ့ကြောင်းသိရှိရသည်။
သီပေါစာရေးဆရာများသမဂ္ဂအဖွဲ့ဖွဲ့စည်းနိုင်ရေးအတွက် မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂအဖွဲ့ဥက္ကဋ္ဌ ဦးထက်မြက်နှင့် အဖွဲ့ဝင်များမှ လာရောက်အားဖြည့် ကူညီပေးခဲ့ကြောင်းသိရှိရသည်။
” ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်ကစာရေးဆရာတွေ စည်းလုံးရည်ရွယ်ဖို့၊ မြန်မာစာပေအပါအ၀င် တိုင်းရင်းသား စာပေတွေကို တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ဖို့ စာရေးဆရာတွေရဲ့ လူမှုရေးကိစ္စတွေကိုကူညီပေးနိုင်ဖို့
အပြည်ပြည်ဆိုင်ရာ စာပေလှုပ်ရှားမှု အဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ပြည်တွင်းပြည်ပမှာရှိတဲ့ စာရေးဆရာတွေ ဆီကနေ အကြံပြုချက်တွေကို ရယူဆောင်ရွက်သွားနိုင်ဖို့ ဖြစ်ပါတယ် ” ဟု စာရေးဆရာသမဂ္ဂအဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ဦးထက်မြက်မှ ပြောသည်။
စာရေးဆရာများသမဂ္ဂအဖွဲ့မှာစစ်အာဏာရှင်လက်ထက် ဗိုလ်နေ၀င်းအစိုးရမှ ဖျက်သိမ်းခဲ့သည့် မြန်မာနိုင်ငံ စာရေးဆရာများ သမဂ္ဂအဖွဲ့အား ပြန်လည်ဖွဲ့စည်းခြင်းဖြစ်ကာဆရာကြီးသခင်ကိုယ်တော်မှိုင်းမှ နာယကအဖြစ်
ဆောင်ရွက်ခဲ့ပြီး ဆရာဗန်းမော်တင်အောင်မှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သောအစဉ်အလာကြီးမားသည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း သိရှိရသည်။
” ဒီအဖွဲ့ကို ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းမှာ ပြန်လည်အစပျိုးခဲ့တာပါ၊ အဖွဲ့အနေနဲ့က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ စာပေသများတွေနဲ့ ပူးပေါင်းပြီး ဒီမိုကရေစီအရေးအတွက် လျှောက်လှမ်းတဲ့ နေရာမှာ ပူးပေါင်းပါဝင် သွားမယ်၊ အဓိက ဆောင်ရွက်သွားမှာကတော့ စာပေသမားတွေရဲ့ ဘ၀နဲ့ အခွင့်အရေးတွေအတွက် အဓိကထားဆောင်ရွက်သွားမှာပါ”
ဟုစာရေးဆရာသမဂ္ဂအဖွဲ့မှ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သူဦးခင်မောင်ဇော်မှပြောသည်။

အဖွဲ့အနေဖြင့် လက်ရှိတွင် မြို့ပေါင်း (၄၀) ကျော်၌ သမဂ္ဂအဖွဲ့များဖွဲ့စည်းထားပြီးဖြစ်ကာ ဆက်လက်၍လည်း ကမ်းလှမ်းလာသည့် မြို့နယ်များတွင် ထပ်မံဖွဲ့စည်းသွားမည်ဖြစ်ကြောင်းသိရှိရသည်။
စိုင်းကံသာ (လားရှိုး)
The Myanma Age