ဧရာဝတီ တံတားကြီး (ပခုက္ကူ) အနီး ရှေးဟောင်း မြပုခက်ဘုရားကြီး ပြုပြင်ရာမှ ဌာပနာ ပစ္စည်းများ တွေ့ရှိ

ပို့စ်တင်ချိန် - 1/31/2014 01:56:00 PM



ညောင်ဦး ဇန်နဝါရီ ၃ဝ

မန္တလေးတိုင်း ဒေသကြီး ပုဂံညောင်ဦးမြို့နယ် နာမည်ကျော် ဧရာဝတီတံတားကြီး (ပခုက္ကူ) အနီး လက်ပန်ခြေပေါ်ရွာ မြသိန်းတန် မြွေဘုရားကြီးအနီး မြပုခက်ဘုရားကြီး ပြုပြင်ရာမှ ရှေးဟောင်း

အမွေအနှစ် ဌာပနာပစ္စည်းများ တွေ့ရှိကြောင်း သိရသည်။ လက်ပန်ခြေပေါ် ရွာကြီးသည် ပုဂံနေပြည်တော်ကြီးစတင် တည်ထောင်စဉ်က ပါဝင်ခဲ့သော ပုဂံ ၁၉ ရွာ၌ တစ်ရွာ အပါအဝင်ဖြစ်သည်။ ''ကျွန်တော်တို့ရွာက ပုဂံခေတ်ကတည်းက ရှိခဲ့တဲ့ရွာပါ လယ်ထွန်ရင်း၊ ယာထွန်ရင်း ပျူခေတ်၊ ပုဂံခေတ် အသုံးအဆောင်တွေ တွေ့ရှိရတတ်တဲ့ ဒေသပါ'' ဟု လက်ပန်ခြေပေါ် ရွာသားတစ်ဦး က ပြောသည်။ မြသိန်းတန် မြွေဘုရားကြီးသည် စပါးကြီး မြွေများရှိသောကြောင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများနှင့် စည်ကားနေသော ဘုရားကြီး ဖြစ်သည်။

မြပုခက်ဘုရားကြီးကို ဇန်နဝါရီ၂၅ ရက်က လုပ်အားဒါနပြုရာမှ ည ၇ နာရီခွဲတွင် လူငယ်တစ်ဦး မြေကျွံကျခဲ့ရာမှ အလျားနှစ်တောင်၊ အနံတစ်တောင်ခန့်ရှိ အုတ်သေတ္တာအတွင်း မြတ်စွာဘုရား ဗျာဒိတ်ပေးတော်မူပုံမှ ပရိနိဗ္ဗာန်စံသည့် ရုပ်ပွားတော် အဆူရေ ၆ဝ နီးပါး တွေ့ရှိခဲ့ပြီး အချို့ရုပ်ပွားတော်များမှာ ခေတ်ကာလ ဖော်ပြရန်ပင် ခက်ခဲမှုများရှိသည့် ရုပ်ပွားတော်များ ဖြစ်ကြောင်း သိရသည်။

Myawady News