ငွေစက္ကူထပ်မံရိုက်နှိပ်ခြင်းက ငွေဖောင်းပွမှုဖြစ်စေ ငွေဖြည့်ကတ် အစားထိုးသုံးစွဲနိုင်ရေး အကြံပြု

ပို့စ်တင်ချိန် - 1/27/2014 07:00:00 AM




ကြယ်စင်လင်း(မြစ်မခ)၊ ရန်ကုန်၊ ဇန်န၀ါရီ-၂၅

မြန်မာနိုင်ငံအနေဖြင့် ငွေကြေးသုံးစွဲမှုပြေလည်စေရေးအတွက်ငွေစက္ကူ ရိုက်နှိပ် ထုတ်ဝေခြင်းထက် နိုင်ငံအများစုသုံးစွဲနေသည့် ပလတ်စတစ်
ငွေဖြည့်ကတ်များကို အစားထိုးသုံးစွဲမှု မြှင့်တင်သင့်ကြောင်း နိုင်ငံတော်
သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာ ဦးမြင့်က ပြောဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ငွေစက္ကူများထပ်မံ ရိုက်နှိပ်သုံးစွဲခြင်းဖြင့် ငွေဖောင်းပွမှု ကိုသာဖြစ်စေပြီး ကုန်ထုတ်လုပ်မှုနှင့် နိုင်ငံ၏ လုပ်ငန်းလည်ပတ်မှု ကိုနှောင့်နှေးမှုဖြစ်စေနိုင်ကြောင်း ဇန်န၀ါရီ ၂၄ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည့် Microeconomic Policy Lessons For Myanmar တွင် အကြံပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

' Print Money(ငွေရိုက်နှိပ်ခြင်း)လုပ်ရုံနဲ့ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုက မတိုးတက်ဘူး။ ငွေများပြီး ငွေကြေးမတိုးတက်တော့ စီးပွားရေး ဘာမှလုပ်လို့မရဘူး။ ကမ္ဘာကြီးမှာ ငွေစက္ကူမသုံးတော့ဘူး။ မူး ယစ်ဆေးဝါးရောင်းဝယ်တဲ့ နေရာမှာပဲ သုံးတယ်။ အခုလည်း ဟန်းဖုန်းတွေမှာ ကတ်တွေနဲ့ သုံးလာတာ တွေ့ရတယ်။ ကမ္ဘာမှာသုံးနေပြီမို့ အဲ့ဒါကိုထည့်စဉ်းစားရမယ် ' ဟု ၎င်းက ပြောဆိုသည်။

ငွေကြေးကတ်သုံးစွဲမှုစနစ်ကို အမေရိကန်နိုင်ငံတွင် ၂၀၀၃ ခုနှစ်မှ စတင်သုံးစွဲခဲ့ပြီး အိမ်ထောင်စုတစ်စုတည်းတွင် ငွေစက္ကူထက် ချက်လက်မှတ်နှင့် အကြွေးဝယ်ကတ်သုံးစွဲမှု များပြားလာကြောင်း၊ ၂၀၀၈ခုနှစ်တွင် လက်လီဈေး သုံးစွဲမှုတွင် ပလတ်စတစ်ကတ်ဖြင့် ၆၃ ရာခိုင်နှုန်းသုံးစွဲနေပြီး ၈ရာခိုင်နှုန်းမှာ ချက်လက်မှတ်များကို ကိုင်ဆောင် သုံးစွဲကာ ၂၉ ရာခိုင်နှုန်းမှာ ငွေသားကိုသာ သုံးစွဲလျက်ရှိသည့်အတွက်
မြန်မာနိုင်ငံအနေဖြင့် အတုယူသင့်ကြောင်း ဦးမြင့်က တိုက်တွန်းပြောဆို ခဲ့ခြင်းဖြစ်သည်။

ယခု ငွေဖြည့်ကတ်ဈေးကွက် အတွင်း၌ ATM,ipay,Smart Card,Master,MPU Card များ ဈေးကွက် ဝေစုအချိုးကျအလိုက် ရရှိနေကြောင်း ပလတ်စတစ်ငွေဖြည့်ကတ်ဈေးကွက် အတွင်းမှ သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ