ဗဟိုအာဖရိက သမ္မတနိုင်ငံက ကလေးစစ်သား ၂၃ ဦးကို သူပုန်တွေ ပြန်လွှတ်

ပို့စ်တင်ချိန် - 1/19/2014 03:34:00 PM

ဓာတ်ပုံ - ရိုက်တာ

ဗဟိုအာဖရိက သမ္မတနိုင်ငံရဲ့မြို့တော် ဘွန်ဂီက အသက် ၁၄ နှစ်ကနေ ၁၇ နှစ်ကြား ကလေးစစ်သား ၂၃ ယောက်ကို သူပုန်တွေက ဇန်န၀ါရီ ၁၆ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ လာမယ့်နေ့တွေမှာ ပြန်လွှတ်ပေးဖို့ နောက်ထပ် ကလေး အများအပြားကိုလည်း စိစစ်နေတယ်လို့ ဆက်ပြော ပါတယ်။

လွှတ်ပေးလိုက်တဲ့ ကလေးတွေထဲမှာ ၆ ယောက်က မိန်းကလေးတွေ ဖြစ်ပြီး စစ်အခြေစိုက် စခန်းထဲကနေ ခေါ်လာပြီး ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆဲ့ဖ်)က ထောက်ပံ့ထားတဲ့ ကြားခံနဲ့ အကြိုစခန်းဆီကို ခေါ်လာပါပြီ။
အသွင်ကူးပြောင်းရေး အာဏာပိုင်တွေနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေကြား ညှိနှိုင်းမှု ရလာဒ်အနေနဲ့ နိုင်ငံတွင်း စစ်စခန်းအားလုံးကို မပိတ်မဆို့ ၀င်ရောက်ခွင့်ပြုခဲ့တဲ့ အကျိုးကျေးဇူးကြောင့် ကလေးစစ်သားတွေ လွတ်မြောက်လာတာပါ။

ယူနီဆဲ့ဖ်ရဲ့ ဗဟိုအာဖရိက သမ္မတနိုင်ငံတွင်း ကလေးကာကွယ်ရေး အဖွဲ့ခေါင်းဆောင် ယန်းလိုကန်ဂါ က မနှစ်က ဒီဇင်ဘာလ တိုက်ခိုက်မှုတွေ တိုးလာချိန်မှာ ကလေးအရေအတွက် အမြောက်အများကို ဆီလီကာ လက်နက်ကိုင်အုပ်စုက စုဆောင်းခဲ့လို့ ခုတော့ သူတို့ကို လက်နက်ဖြုတ်သိမ်းဖို့ ပြင်ဆင်နေပြီလို့ ပြောပါတယ်။ မိန်းကလေးတွေကတော့ လက်နက်ကိုင် အုပ်စုတွေက လိင်ပိုင်းအလွဲသုံးစားလုပ်မှုကို ခံခဲ့ရပြီးပြီလို့ သူက ဆက်ပြောပါတယ်။

မတ်လက ဆီလီကာ မွတ်စလင်သူပုန်ညွှန့်ပေါင်းအဖွဲ့က အာဏာသိမ်းခဲ့ပြီးတဲ့နောက် ဗဟိုအာဖရိက နိုင်ငံတွင်းဗရမ်းဗတာ ဖြစ်ခဲ့တာပါ။ တန်ပြန်မှုအနေနဲ့ ခရစ်ယာန် ပြည်သူ့စစ်တွေက လက်စားချေ တိုက်ခိုက်ခဲ့လို့ သတ်ဖြတ်လုယက်မှု လှိုင်းတံပိုး ထန်ခဲ့ပါတယ်။

အရင်လက မြို့တော် ဘွန်ဂီ တမြို့တည်းမှာတင် လူတထောင်ကျော် အသတ်ခံရပြီး နိုင်ငံတလွှား လူ ၁ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ယူနီဆဲ့ဖ် အဖွဲ့ကတော့ ကလေးတွေ မိသားစုနဲ့ ပြန်ဆုံစည်းနိုင်ဖို့ ကြိုးစားနေပါတယ်။
DVB Burmese