ငါးနှစ်အတွင်း မူးယစ်ဆေးပြား ၉၃သန်းကျော် ဖမ်းဆီးမိ

ပို့စ်တင်ချိန် - 1/20/2014 02:47:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၁၉

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း မူးယစ်ဆေးပြား ၉၃ ဒသမ ၆ သန်း ဖမ်းဆီး ရရှိခဲ့ကြောင်း မြန်မာ-အိန္ဒိယ မူးယစ်ဆေးဝါး ပူးပေါင်း ထိန်းချုပ်ရေး အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းက ပြောကြားသည်။

အဆိုပါ ဆေးပြားအများစုမှာ အိန္ဒိယနယ်စပ်မှ တရားမဝင် သယ်ဆောင်လာသည့် ဆူဒိုအက်ဖီဒရင်း ပါဝင်သော အအေးမိ ပျောက်ဆေးပြားများ ဖြစ်သည်။

မြန်မာနိုင်ငံ လူငယ်ထုများကြားတွင် စိတ်ကြွ ရူးသွပ်ဆေးပြား သုံးစွဲမှု ပြဿနာများကို ၁၉၉၆ ခုနှစ်မှ စတင်ရင်ဆိုင်နေရပြီး ဆေးပြား ချက်လုပ်ရာတွင် ပါဝင်သည့် ဓာတုပစ္စည်းများကို အိမ်နီးချင်း တရုတ်နိုင်ငံ၊ ထိုင်း၊ လာအိုနှင့် အိန္ဒိယနိုင်ငံတို့မှတစ်ဆင့် မြန်မာပြည်တွင်း ဝင်ရောက်လျက် ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ဆူဒိုအက်ဖီဒရင်း ဆေးပြား စုစုပေါင်း ၂၂ ဒသမ ၀၉ သန်း၊ အက်ဖီဒရင်း ၇၀ ဒသမ ၅ ကီလိုနှင့် ဆူဒိုအက်ဖီဒရင်း အမှုန့် ၄၇ ဒသမ ၀၇ ကီလို ဖမ်းဆီးရမိကြောင်းလည်း ယင်းဆွေးနွေးပွဲမှ စုံစမ်းသိရှိရသည်။
The Voice Weekly Myanmar