သမနှင့်ခြ ပြဿနာ

ပို့စ်တင်ချိန် - 1/02/2014 08:45:00 AM



-------------
ရေးသားသူ- မိုးညို၊ အေးမြတ်သူ၊ ဇော်မျိုးလှိုင်၊ အိမွန်ကျော်

ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆောင်ရွက်ရာတွင် သမ၀ါယမစနစ်မှာ ထိရောက်ကြောင်း နိုင်ငံတော်သမ္မတက မကြာခဏပြောလေ့ရှိသော်လည်း အရိုးစွဲနေသည့် အကျင့်ပျက်ခြစားမှုများအကြား သမ၀ါယမစနစ် ပြန်လည်ဦးမော့ရန် မဖြစ်နိုင်သေးကြောင်း ကျွမ်းကျင်သူများကသုံးသပ်သည်။

နောင်လာမည့် လေး၊ ငါးနှစ်အတွင်း သမ၀ါယမစနစ် အောင်မြင်လာပါက ပြည်သူများမှာ ငွေလုံးဝချေးစရာမလိုဘဲ မိမိကိုယ်ပိုင်ငွေဖြင့် အလုပ်လုပ်လာနိုင်သည်အထိ အဆိုပါစနစ်အောင်မြင်ရန် အစိုးရကမျှော်လင့်ထားပြီး အောက်ခြေအသင်းငယ်များတွင် ဖြစ်ပေါ်နေသည့် ငွေကြေးအလွဲသုံးစားမှုများကိုမူ အစိုးရက လျစ်လျူရှုထားဆဲဖြစ်သည်။

အစိုးရ၏ ဆင်းရဲမွဲတေမှုစီမံချက်တွင် သမ၀ါယမစနစ်အပေါ် တည်ကြက်ထားသော်လည်း အသင်းဝင်ဖြစ်မှသာ ငွေထုတ်ချေးမည်ဆိုခြင်းကြောင့် အသင်းမ၀င်ထားဘဲ အမှန်တကယ် ငွေကြေးအရင်းအနှီးလိုအပ်သူများမှာ ယင်းကန့်သတ်ချက်ကြောင့် အကျုံးဝင်ရန် အခက်အခဲရှိနေသည်။

သမစနစ်ကို အစိုးရက ပြန်လည်ထူထောင်ရန် ကြိုးပမ်းရာတွင် အောက်ခြေရှိ သမအသင်းဥက္ကဋ္ဌများ၊ အကြီးအကဲများ၏ အကျင့်ပျက်ခြစားမှုများကို မဖြေရှင်းနိုင်ပါက ယခုလုပ်ဆောင်နေသည့် သမစနစ်မှာလည်း အောင်မြင်ဦးမည်မဟုတ်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်ကပြောကြားသည်။

“ငွေစုငွေချေးအပိုင်းမှာလည်း သိရသလောက် ဥက္ကဋ္ဌနဲ့ ပါဝင်ပတ်သက်သူတွေကို ချေးနေတာ”ဟု ကျွန်းလယ်သမအသင်းမှ အသင်းသားတစ်ဦးက ဝေဖန်ပြောဆိုသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ စစ်အစိုးရလက်ထက်အထိ သမ၀ါယမစနစ် အားနည်းခဲ့သည့်အတွက် သမရုံးများတွင် လုပ်ငန်းလည်ပတ်မှုမရှိဘဲ လူနေထိုင်ခြင်း၊ ဈေးဆိုင်များငှားရမ်းခြင်း၊ ပစ္စည်းသိုလှောင်သည့် ဂိုဒေါင်များကို လက်သိပ်ထိုးရာင်းချခဲ့ခြင်း စသည်ဖြင့် သမစနစ်မှာ လက်ရှိအချိန်ထိ ရေတိမ်နစ်ခဲ့ရကြောင်း သမအသင်းဝင်တချို့က ထောက်ပြပြောဆိုကြသည်။

“သမ၀ါယမက တဖြည်းဖြည်းမှေးမှိန်လာတယ်။ ကြိုက်တဲ့နေရာမှာကြည့် ဆိုင်းဘုတ်ကအစ မှေးမှိန်လာတယ်”ဟု စမ်းချောင်းမြို့နယ် သမ၀ါယမအသင်းသားဖြစ်သူ ကိုတင်ထက်ကိုကပြောသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် စတင်ပြီး သမ၀ါယမ၀န်ကြီးဌာနက ငွေကျပ်သိန်းပေါင်းတစ်သိန်းကျော် ကျေးလက်ဒေသများကို ထုတ်ချေးခဲ့ကြောင်း အစိုးရကထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့်လွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက ချေးငွေများကို အသင်းသားများအားချေးရာတွင် အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့်သာ ချေးမည်ဟု ပြောကြားခဲ့သော်လည်း ပြင်ပတွင် အတိုးနှုန်း ၂ ရာခိုင်နှုန်းဖြင့်သာ ချေးငှားနေသည်ဟု ကြားသိရကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကပြောသည်။

သို့သော် ဒီဇင်ဘာနောက်ဆုံးပတ်က ပုသိမ်မြို့၌ကျင်းပခဲ့သော ကျေးလက်ဒေသ လူမှုဖွံ့ဖြိုးရေးပွဲတွင်မူ ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက သမ္မတ၏ညွှန်ကြားချက်ကြောင့် အတိုးနှုန်းကို ၁ ရာခိုင်နှုန်းအထိ လျှော့ချချေးမည်ဟု ပြောကြားခဲ့ပြန်သည်။

“အခု ၀န်ကြီးပြောသွားတဲ့အတိုင်းဆို ၁ ရာခိုင်နှုန်းလို့ သိရတယ်။ အသင်းဥက္ကဋ္ဌပြောတော့ ဒီနှစ်အတိုးနှုန်းက အရင်တိုင်းလို့ပြောတယ်။ ဘယ်ဟာကို ယုံကြည်ရမှာလဲ”ဟု ဧရာဝတီတိုင်း မြောင်းမြခရိုင်မှ လယ် ၁၀ ဧက ပိုင်ဆိုင်သူ လယ်သမားတစ်ဦးကပြောကြားသည်။

သမ၀ါယမ၀န်ကြီးဌာန၏ အစီအစဉ်အရ ယခုနှစ်တွင် တစ်နိုင်ငံလုံး၌ ချေးငွေတိုးမြှင့်ချေးပေးရန် ရည်ရွယ်ထားပြီး အတိုးနှုန်းကိုလည်း လျှော့ချမည်ဟု ပြောကြားထားသည်။ သို့သော် အမှန်တကယ် ချေးယူမည့်သူများမှာ ချေးငွေတိုးမြှင့်ရရှိမည်ဟုသာသိထားပြီး အတိုးနှုန်းလျှော့ချမည်ကို အများစုက သိရှိထားခြင်းမရှိပေ။

ထို့အပြင် ယခင်က လယ်သမားတစ်ဦးလျှင် တစ်နှစ်တစ်ကြိမ်သာ ငွေချေးပေးမည်ဟု ဆိုသော်လည်း ယခုစနစ်သစ်တွင် ခြောက်လတစ်ကြိမ် ငွေချေးခွင့်ရရှိမည်ဖြစ်သည်။ ယခင်က ချေးငွေကို လယ်ဧကပေါ်မူတည်ပြီး ထုတ်ချေးခဲ့သော်လည်း ယခုအခါ လယ်သမားတစ်ဦးချင်းသာ ချေးတော့မည်ဖြစ်သည်။

ချေးငွေစနစ်ပုံစံ ပြောင်းလဲလိုက်သော်လည်း အသင်းတစ်သင်းချင်းစီတွင် အသင်းသားအဖြစ် ၀င်ရောက်ရန် စိစစ်ရွေးချယ်မှုများရှိခြင်း၊ ချေးငွေရရှိမှု၊ အလှည့်ကျစနစ်တွင် အားနည်းချက်များရှိခြင်းတို့ကြောင့် လယ်သမားများတွင် အခက်အခဲအချို့ရှိနေသည်။

“လက်တွန်းထွန်စက် ၀ယ်ချင်တယ်။ ဘယ်ကိုစာရင်းပေးရမလဲ။ ဘယ်သူတွေရနေတာလဲ မသိရဘူး။ သမ္မတလာတုန်း အရောင်းပြခန်းတွေ လာဖွင့်တယ်။ နောက် အဲဒါတွေ ဘယ်မှာသွားဝယ်ရမှန်းမသိဘူး”ဟု မြောင်းမြခရိုင် သမ၀ါယမအသင်းသားတစ်ဦးကပြောသည်။

ရန်ကုန်မြို့ရှိ အချို့သော မြို့နယ်များရှိ သမ၀ါယမအသင်းအများစုတွင် ငွေစုငွေချေးလုပ်ငန်း လုပ်ကိုင်ခြင်းများကို ရပ်ဆိုင်းထားခြင်းပင်ရှိနေသည်ဟု ယင်းမြို့နယ်ခံများထံမှ သိရသည်။

လက်ရှိအချိန်အထိ အချို့ငွေစုငွေချေးလုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းမှာ အစိုးရထံမှ ယခုနှစ်ရရှိမည့် ချေးငွေမရရှိသေးခြင်းနှင့် အသင်းသားနှင့် ဥက္ကဋ္ဌများကြား ငွေရေးကြေးရေးပြဿနာကြောင့် အမှုအခင်းများ ရင်ဆိုင်နေရဆဲခြင်းတို့ကြောင့်ဖြစ်ကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်းရပ်ကွက် သမ၀ါယမရောင်းဝယ်ရေးလီမိတက်မှ အသင်းသားစာရင်းစစ်တစ်ဦးကပြောသည်။

အစိုးရက သမ၀ါယမစနစ်အတွက် အရေးကြီးသည့် ချေးငွေအများစုကို ယခုနှစ်တွင် တရုတ်နိုင်ငံမှ ဒေါ်လာသန်းခုနစ်ရာချေးရန် စီစဉ်ထားပြီး ကနဦးရရှိထားသည့် သန်းတစ်ရာကို ကျေးလက်ဒေသ အများစုအတွက် စတင်ထုတ်ချေးနေပြီဖြစ်သည်။

ယင်းကဲ့သို့ တရုတ်နိုင်ငံမှ ချေးငွေယူရာတွင် အတိုးနှုန်းမှာ ၄ ရာခိုင်နှုန်းဖြစ်သောကြောင့် နိုင်ငံတကာအတိုးနှုန်းများနှင့်ယှဉ်ပါက များစွာကြီးမြင့်နေသဖြင့် လွှတ်တော်ကိုယ်စားလှယ်အချို့က ကန့်ကွက်ဝေဖန်ခဲ့ကြသည်။

“အစိုးရက သမစနစ်ကို ဘယ်လိုပဲပြင်ပြင် သမ၀ါယမက အခုဆိုဆိုင်းဘုတ်ပဲရှိတယ်။ အသက်မ၀င်သေးဘူး။ ဖယ်မပေးနိုင်ဘူးဆိုပြီး နေရာယူထားတဲ့ အရင်လူတွေက အများကြီးပဲ”ဟု ဦးဖုန်းမြင့်အောင်က လက်ရှိသမ၀ါယမစနစ်ကို ဝေဖန်ပြောကြားသည်။

ရန်ကုန်မြို့မှ ရပ်ကွက်အများစုတွင် သမ၀ါယမငွေချေးစနစ် ပီပီပြင်ပြင် အကောင်အထည်မဖော်နိုင်သောကြောင့် ပြည်သူအများစုမှာ ငွေကြေးအရင်းအနှီးလိုအပ်ပါက ပုဂ္ဂလိကငွေချေးလုပ်ငန်းများ၌သာ အတိုးနှုန်းကြီးစွာဖြင့် ချေးယူနေကြရဆဲဖြစ်သည်။

အစိုးရက ငွေထုတ်ချေးရာတွင် ငွေကြေးမသမာမှု၊ လိမ်လည်မှုတို့မရှိစေရန် ချေးသူများအား လူငါးဦးတစ်ဖွဲ့ဖြင့် ၀ိုင်းကြီးချုပ်ပုံစံဖြင့် ငွေထုတ်ချေးလျက်ရှိသည်။ ထိုသို့ ၀ိုင်းကြီးချုပ်စနစ်ဖြင့် ထိန်းချုပ်ထားသည့်အတွက် ငွေချေးယူသူအများစုသည် ရပ်ကွက်အတွင်းရှိ ငွေတိုးချေးစားသူများထံချေးယူပြီး ပြန်ဆပ်ရ၍ ကြွေးပူနှင့်ထပ်တိုးရပြန်သည်။

“သူတို့ကို ဘယ်လိုပဲချေးချေး နောက်ဆုံးရပ်ကွက်ထဲက ငွေတိုးချေးစားတဲ့သူတွေဆီကပဲ ပြန်ချေးရတယ်။ ဟိုကိုဆပ်ရမယ့်အချိန်ရောက်တော့ ရပ်ကွက်က ငွေတိုးချေးသူတွေဆီပဲ သွားပြန်ပြီးထပ်ချေးရတာပဲ”ဟု သုံးခွမြို့နယ်မှ ငွေတိုးချေးစားသူ ဦးနိုင်လင်းဦးကပြောသည်။

ထို့အပြင် အချို့သော ငွေထုတ်ချေးသူများသည် ၀ိုင်းကြီးချုပ်စနစ်အရ ငါးယောက်တစ်ဖွဲ့ အမည်ခံထားသော်လည်း တစ်ဦးတည်းကပင် ချေးငွေများကို လိမ်လည်ထုတ်ယူလျက်ရှိနေကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် သမ၀ါယမ၀န်ကြီးဌာနမှ ယခုနှစ်တွင် ချေးငွေနှုန်းထား တိုးမြှင့်မည်ဆိုသောကြောင့် အထက်ပါပြဿနာများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း သမ၀ါယမအသင်းသားအချို့က ခန့်မှန်းပြောဆိုကြသည်။

ကျေးလက်မှ မြို့ပြအထိ သမအသင်းငယ်ပေါင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ကိန်းဂဏန်းအတိအကျ မသိရှိရသေးသော်လည်း အသင်းတစ်သင်းလျှင် အသင်းဝင် ၂၀ မှ ၂၅ ဦးအထိ အသင်းငယ်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားကြသည်။ ဧရာဝတီတိုင်းဒေသကြီးတစ်ခုထဲတွင်ပင် အသင်းပေါင်း ၂၀၀၀ ကျော်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသိန်းအောင်က ပုသိမ်မြို့တွင်ပြုလုပ်သော လူမှုစီးပွားမြှင့်တင်ရေးအခမ်းအနား၌ ထည့်သွင်းပြောကြားဖူးသည်။

နိုင်ငံတွင် ဆင်းရဲသူဦးရေ မြင့်တက်လာခြင်းကို ထွက်ပေါက်တစ်ခုအဖြစ် သမ၀ါယမငွေချေးစနစ်ဖြင့် ကုစားရန်ကြိုးပမ်းခြင်းသည် အစိုးရက အောက်ခြေအထိ မဖြေရှင်းနိုင်သရွေ့ အောင်မြင်ရန် အခက်အခဲများရှိနေဦးမည်ဖြစ်သည်။ ။

ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး
7 Day News Journal