လှိုင်မြစ်နှင့်ဒုဋ္ဌဝတီမြစ် ရေအရည်အသွေး စစ်ဆေးမည်

ပို့စ်တင်ချိန် - 1/28/2014 08:03:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၂၇

စက်ရုံများမှ ထွက်ရှိသည့် စွန့်ပစ်ရေဆိုးများ အများဆုံး စီးဝင်နေသည့် လှိုင်မြစ် (ရန်ကုန်မြစ်)နှင့် မန္တလေးတိုင်း ဒေသကြီးရှိ ဒုဋ္ဌဝတီမြစ် တို့တွင် ရေထုညစ်ညမ်းမှု ပမာဏမြင့် မမြင့် ရေအရည်အသွေးကို ယခုနှစ်အတွင်း စစ်ဆေးမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးက ပြောကြားသည်။

ရန်ကုန်နှင့်မန္တလေးမြို့တို့ရှိ စက်ရုံပေါင်း ၁၅၀ ခန့်မှ စွန့်ပစ်ရေဆိုး များကို
မြစ်အတွင်း စွန့်ထုတ်နေမှုများနှင့် ပတ်သက်၍ ရေထုညစ်ညမ်းမှု ရှိမရှိ စစ်ဆေးမည် ဖြစ်ပြီး စစ်ဆေး တွေ့ရှိပါက စက်ရုံများကို ကြပ်မတ်စစ်ဆေးကာ စနစ်တကျ ဆောင်ရွက်ရန် လမ်းညွှန်မည် ဖြစ်သည့်အပြင် လိုက်နာမှုမရှိသည့် စက်ရုံများကိုမူ ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ယင်းသို့စစ်ဆေးမည့် အစီအစဉ်ကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်းဆောင်ရွက်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန အနေနှင့် ဆွေးနွေးလျက် ရှိကြောင်း ဦးနေအေးက ဆက်လက် ပြောဆိုသည်။

"လက်ရှိအနေနဲ့ ရန်ကုန်မှာ စစ်ဆေးတာတော့ မရှိသေးပါဘူး၊ စက်ရုံတစ်ရုံ ကနေ ရေဆိုးထုတ်တာကို တိုင်တဲ့လူ ရှိရင်တော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ သွားရောက်စစ်ဆေးပြီး အရေးယူတာတွေတော့ လုပ်တယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးလွင်က ဆိုသည်။

ဒုဋ္ဌဝတီမြစ် အတွင်းသို့ စက်ရုံစွန့်ပစ် ရေဆိုးများ စွန့်ထုတ်နေခြင်းကြောင့် ရေထု ညစ်ညမ်းပြီး အနံ့ဆိုးများ ထွက်နေခြင်းကြောင့် ဒေသခံများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း စိမ်းရောင်စိုအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

The Voice Weekly Myanmar