ပုဂံ ၀က်ကြီးအင်း ဂူပြောက်ကြီးဘုရားတွင် ဗုံးလန့်

ပို့စ်တင်ချိန် - 1/08/2014 03:00:00 PM


ပုဂံမြို့ဟောင်းရှိ ၀က်ကြီးအင်းဂူပြောက်ကြီးဘုရားတွင် ဇန်န၀ါရီ ၆ ရက်က ဗုံးလန့်မှုဖြစ်ပွားခဲ့သောကြောင့် နိုင်ငံခြားသားများ ဖူးမြော်ကြည့်ရှုခွင့် ခေတ္တပိတ်ထားကြောင်း သတင်းရရှိသည်။

ထိုနေ့ နံနက် ၁၀ နာရီက ပုဂံမြို့ဟောင်းရှိ ၀က်ကြီးအင်း ဂူပြောက်ကြီးဘုရားအတွင်းရှိ ထိုင်လျက်ဆင်းတုတော်၏ နောက်ကျောနှင့် ဘုရားနံရံကြားတွင် မသင်္ကာဖွယ်ရာ အရာဝတ္ထုတစ်ခုကို အဆိုပါဘုရားစောင့်၏ သားဖြစ်သူက တွေ့ရှိရာမှ ဗုံးလန့်မှုဖြစ်ပွားခြင်းဖြစ်သည်။

ထိုအရာဝတ္ထုကို ပုဂံရှေးဟောင်းသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးရာ ရှေးဟောင်းဘုရားများတွင် စမ်းသပ်ကိရိယာဖြစ်သော ရေစိုရေငွေ့တိုင်းပစ္စည်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ပုဂံရှေးဟောင်းသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက ပြောသည်။
““အဲဒီပစ္စည်းများက ရှေးဟောင်းဌာနတွေမှာသုံးတဲ့ ပစ္စည်းပါ။ ကလေးက မသိတော့ ကြောက်ပြီး ဗုံးဆိုပြီး အကြောင်းကြားတယ်။ ရဲတပ်ဖွဲ့တွေနဲ့ သွားရောက်စစ်ဆေးတော့မှ ဗုံးမဟုတ်ဘူးဆိုတာ အတည်ပြုနိုင်ပါတယ်။ နိုင်ငံခြားသားဧည့်သည်တွေလည်း အဲဒီဘုရားကို ကြည့်ရှုခွင့် ခဏပိတ်ထားပါတယ်။ နောက်တော့ ဘုရားကြည့်ရှုခွင့် ပြန်ဖွင့်ပေးခဲ့ပါတယ်””ဟု ဦးမျိုးဦးက ပြောသည်။

ဗုံးလန့်မှု ဖြစ်ပွားခဲ့သော ၀က်ကြီးအင်းဂူပြောက်ကြီးဘုရားသည် ဘုရားအတွင်းရှိ နံရံဆေးပန်းချီများကြောင့် ထင်ရှားပြီး နိုင်ငံခြားသားခရီးသွားများ လာရောက်ကြည့်ရှုမှု များပြားသည်ဟုဆိုသည်။
““ဗုံးဆိုပြီး လူတွေက လန့်ကုန်ကြတာပါ။ အဲဒီပစ္စည်းက အပြင်မှာလည်းရှားတော့ ဘာပစ္စည်းမှန်းမသိကြပါဘူး။ အဲဒါကြောင့် ဗုံးဆိုပြီး ဖြစ်သွားတာပါ””ဟု ညောင်ဦးမြို့ရဲတပ်ဖွဲ့မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပုဂံမြို့ ရွှေနန်းအောင်ဟိုတယ်၌ ဇန်န၀ါရီ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။
““အာဆီယံအစည်းအဝေးရှိလို့ ပုဂံညောင်ဦးမှာ လုံခြုံရေးတိုးမြှင့်ချထားပါတယ်။ ဘယ်လောက်ထိ ချထားတယ်ဆိုတာ လုံခြုံရေးအရ ပြောလို့မရပါဘူး”” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲမှူးကြီးမင်းအောင်က ပြောသည်။

ထိုရက်ပိုင်းတွင် အာဆီယံ ၁၀ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်အဖွဲ့သည် ပုဂံဒေသသို့ လာရောက်မည်ဖြစ်ပြီး ဘရူနိုင်းနိုင်ငံတွင် နောက်ဆုံးအကြိမ် ကျင်းပခဲ့သော အာဆီယံအစည်းအဝေး ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မည့် အစည်းအဝေး ဖြစ်သည်။
““ပုဂံညောင်ဦးမှာ အာဆီယံအစည်းအဝေးနဲ့ ပတ်သက်လို့ နေ့ရော၊ ညပါ လုံခြုံရေးတွေ တိုးမြှင့်ထားနေပါပြီ။ ရဲတပ်ဖွဲ့အင်အားနေရာအနှံ့အပြားမှာ ချထားပါတယ်””ဟု ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့မြို့မရဲစခန်းမှူးကြည်ဖေကပြောသည်။

လက်ရှိ ပုဂံ၊ ညောင်ဦးသို့ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုမှာ တစ်နေ့လျှင် တစ်ထောင်ကျော် ၀င်ရောက်နေကြောင်း ပုဂံ ရှေးဟောင်းသုတေသနဦးစီးဌာနမှ သတင်းရရှိသည်။

7 Day Daily