တပ်သိမ်း လယ်မြေပြန်ရရေး အရာတော်မှတောင်သူ၁၀၀ကျော် ဆန္ဒထုတ်ဖော်

ပို့စ်တင်ချိန် - 1/02/2014 03:45:00 PM


 ဗုဒ္ဓဟူးနေ့၊ ဇန်န၀ါရီ ၁ရက်၊ ၂၀၁၄ခုနှစ်။

မန္တလေး၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့တွင် စစ်တပ်မှ ၁၉၉၀ ခုနှစ်က သိမ်းယူထားသော လယ်ယာမြေ ၁၉၂၈ဧကကို ပြန်လည်ပေးအပ်ရန် တောင်သူ ၁၅၀ခန့်က ဇန်န၀ါရီလ ၁ ရက်နံနက် ၁၀နာရီက တရားဝင် စာတင်ကာ နှစ်နာရီခွဲမျှ ဆန္ဒထုတ်ဖော်ခဲ့သည်။

"ကျွန်တော်တို့ တောင်သူတွေဘဝ အလွန်ဒုက္ခရောက်နေလို့ အခုလိုဆန္ဒဖော်ထုတ်တောင်းဆိုရတာပါ။ ပြန်ပေးမှကို အဆင်ပြေမှာပါ။ ဒီဘက်မှာ မြေသိမ်းခံရလို့ ဘဝပျက်နေတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါတွေကို ငဲ့ပြီး ပြန်ပေးသင့်ပြီဗျာ" ဟုဒေသခံတောင်သူကြီး ဦးသန်းထွန်းက မဇ္ဈိမကို ပြောသည်။

တောင်သူလယ်သမားတို့၏ ဘိုးဘွားပိုင်မြေများကို အမှတ်(၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်၊ အမှတ်-၅၀၀၄ တင့်ကားတပ်နှင့် အမှတ်-၃၆၉အမြှောက်တပ်တို့က သိမ်းယူခဲ့ပြီး သိမ်းယူခဲ့စဉ်က နစ်နာကြေးတစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိကြောင်း ဆန္ဒဖော်ထုတ်ပွဲ ခေါင်းဆောင်သူဦးသိန်းနိုင်က မဇ္ဈိမကိုပြောသည်။

အရာတော်မြို့ အမှတ် ၁ ၊ ၂နှင့် ၃ရပ်ကွက် ၊ တော်လှကျေးရွာ၊ ရဲချင်းကျေးရွာ၊ ဝါတန်းလေးကျေးရွာ၊ သစ်ကျင်းကြီး၊ညောင်ဒူကြီးကျေးရွာနှင့် ဌက်ပျောခြံကျေးရွာ တို့မှ လယ်မြေများဖြစ်သည်။

"ကျွန်တော်တို့မရမချင်း ဆန္ဒဖော်ထုတ်တောင်းဆိုနေမယ်။ ဥပဒေဘောင်အတွင်းကနေ တောင်းဆိုမှာပါ။ ကျွန်တော်တို့ ဘာမှနားမလည်ပါဘူး။ လယ်ယာမြေအရေးတွေ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေကိုလည်း အကူအညီတောင်းခံသွားမယ်။ သူတို့အကူအညီနဲ့ သက်ဆိုင်ရာကို အဆင့်ဆင့်တိုင်ကြားသွားမယ်။ ကိုယ့်လယ်ကိုယ်ယာကို ပြန်တောင်းလို့လာဖမ်းမယ်ဆိုလည်း အဖမ်းခံလိုက်မယ်"ဟုဦးဆောင်သူတစ်ဦးဖြစ်သူ ဦးခင်မောင်လွင်က မဇ္ဈိမကိုပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် လွတ်လပ်ရေးကျောက်တိုင်တွင် စုရပ်လုပ်ကာ အရာတော်မြို့တစ်ပတ် တောင်းဆိုချက် ဆိုင်းပုဒ်များကိုင်ဆောင် လှည့်လည်ခဲ့ကြသည်။ ဆန္ဒဖေါ်ထုတ်မှု နံနက် ၁၀ နာရီတွင် စတင်ပြီးမွန်းလွဲ၁၂နာရီခွဲအထိ ဆန္ဒထုတ်ဖော်ခဲ့သည်။ ယင်းသို့ ဆန္ဒဖော်ထုတ်ခွင့်ရရန် အရာတော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ တင်ခဲ့ရာ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခြင်း ခံခဲ့ရသည်။

အောင်ကိုဦး
Mizzima Burmese