ကစားသမားဘ၀မှ အနားယူခဲ့သည့် အောင်ကျော်မိုး နည်းပြဆက်လုပ်မည်

ပို့စ်တင်ချိန် - 1/04/2014 11:00:00 PM


ပွဲစဉ်တစ်ခုတွင် အောင်ကျော်မိုး နံပါတ် (၁၉) ကို တွေ့ရစဉ် ဓာတ်ပုံ - Yadanarbon FC
ရတနာပုံအသင်းနှင့်အတူ အောင်မြင်မှုများ ရယူပေးခဲ့သည့် ဘောလုံးသမား အောင်ကျော်မိုးသည် ကစားသမားဘ၀မှ အနားယူပြီးနောက် နည်းပြဆရာအဖြစ် ကူးပြောင်းရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

““ရတနာပုံအသင်းနဲ့လည်း စာချုပ်သက်တမ်း ပြည့်သွားပါပြီ။ ကျွန်တော့်အသက်လည်း ၃၅ နှစ် ရှိနေပါပြီ။ ဒါကြောင့် ကစားသမားဘ၀က အနားယူပါတော့မယ်။ ဒါပေမဲ့ ငယ်ငယ်ကတည်းက ဘောလုံးနဲ့ပဲ ကျင်လည်ခဲ့တာဆိုတော့ နည်းပြဘ၀နဲ့ ဘောလုံးလောကမှာ ဆက်လက်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်””ဟု ၂၀၀၉ မြန်မာလိဂ် စတင်ချိန်မှ ရတနာပုံအသင်းတစ်သင်းတည်းတွင်သာ ကစားခဲ့သည့် အောင်ကျော်မိုးကပြောသည်။
လက်ရှိတွင် စီလိုင်စင်နည်းပြလက်မှတ်ရရှိထားသူ အောင်ကျော်မိုးက ဘောလုံးအသင်းကို စိတ်ဝင်စားမှုရှိကြောင်း၊ နည်းပြသင်တန်းများကိုလည်း ထပ်မံတက်ရောက်သွားမည်ဖြစ်ပြီး နည်းပြဘ၀၌လည်း ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောသည်။
ရတနာပုံအသင်း၏ အသင်းခေါင်းဆောင်လည်း ဖြစ်ခဲ့သူ ကွင်းလယ်ကစားသမား အောင်ကျော်မိုးသည် ကစားသမားဘ၀တွင် ရတနာပုံအသင်းနှင့်အတူ မြန်မာလိဂ်အမှတ်ပေးချန်ပီယံဆု နှစ်ကြိမ်၊ မြန်မာလိဂ်ဖလားချန်ပီယံဆု တစ်ကြိမ်၊ AFC President's Cup ချန်ပီယံဆု တစ်ကြိမ် ရရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်အတွက် မြန်မာလိဂ်အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ရရှိခဲ့သူဖြစ်သည်။
““ရတနာပုံအသင်းနဲ့က အမှတ်တရတွေအများကြီးပါပဲ။ အမှတ်တရတစ်ခုကိုပြောပြရရင် မုံရွာကွင်းမှာသွားကစားရတဲ့ ၂၀၁၀ မြန်မာလိဂ်ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ဖြစ်ပါတယ်။ ရတနာပုံအသင်းအနေနဲ့ သရေကျလို့မရတဲ့အခြေအနေမှာ အဝေးကွင်းမှာ ဇေယျာရွှေမြေအသင်းကို အနိုင်ကန်ပြီး ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ပွဲစဉ်ပါ””ဟု ရတနာပုံအသင်းနှင့် ပတ်သက်သည့် အမှတ်တရများထဲမှ တစ်ခုကို အောင်ကျော်မိုးက ပြောပြသည်။
အောင်ကျော်မိုးသည် ၁၉၉၇ ခုနှစ်၊ အင်ဒိုနီးရှားဆီးဂိမ်းတွင် လက်ရွေးစင်အသင်းနှင့်အတူ နိုင်ငံတကာပြိုင်ပွဲသို့ စတင်ဝင်ရောက်ကစားခဲ့ပြီး ၄င်း၏ လက်ရွေးစင်ကစားသမားဘ၀ဖြင့် နိုင်ငံတကာနောက်ဆုံးပွဲစဉ်မှာ ၂၀၁၀ ဆူဇူကီးဖလားပြိုင်ပွဲ ဖြစ်သည်။
““လက်ရွေးစင်ဘောလုံးသမားဘ၀နဲ့ ရွှေတံဆိပ်တစ်ခုပဲ ရဖူးပါတယ်။ ၂၀၀၆ ခုနှစ် မာဒေးကားဖလားပြိုင်ပွဲဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ ကစားသမားဘ၀မှာ အပျော်ရွှင်ဆုံးအချိန်ဖြစ်ခဲ့ပါတယ်””ဟု လက်ရွေးစင်ဘောလုံးသမားဘ၀တွင်လည်း နာမည်ကောင်းရခဲ့သူ အောင်ကျော်မိုးက ပြောသည်။
7 Day Daily