အမြစ်တွယ် ငွေခဝါသည် ဇာတ်လမ်း

ပို့စ်တင်ချိန် - 1/31/2014 06:00:00 AM


တရားမဝင် လုပ်ငန်းများမှ ရရှိလာသော ငွေများကို တရားဝင်သဖွယ် ဖြစ်အောင် ပြုလုပ်သည့် ငွေကြေးခဝါချမှုကို မည်သို့သော နည်းလမ်းများဖြင့် လုပ်ကိုင်ကြသနည်း။

မူးယစ်ဆေးဝါး ရောင်းဝယ်သည့် လုပ်ငန်းများ၊ လာဘ်ပေးလာဘ်ယူမှု လုပ်ခြင်းမှ ရရှိသော ငွေများကို ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် တရားဝင်အောင် ပြုပြင်ပြောင်းလဲကြပြီး ဟန်ဆောင် လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ဘဏ်စာရင်း အများအပြား ဖွင့်လှစ်ခြင်း စသည်ဖြင့် အမျိုးမျိုးရှိနိုင်ပြီး ပြည်ပက ဝင်ရောက်ခြင်းများလည်း ရှိကြောင်း စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။ “အသွင်ဆောင် လုပ်ငန်းတွေဆိုတာက လုပ်ငန်းတစ်ခုရှိတယ်။ အဲဒီလုပ်ငန်းမှာ အရှုံးပေါ်နေတယ်။ ဒါပေမဲ့ မရှုံးဘူး မြတ်နေတယ်ဆိုပြီး လဲတာမျိုးတွေပေါ့။ အဲဒါကလည်း နေရာတိုင်းမှာ ပုံသဏ္ဌာန် အမျိုးမျိုး ရှိနေတယ်”

မြန်မာနိုင်ငံတွင် ငွေမည်းမှ ငွေဖြူ အသွင်ပြောင်းခြင်းတွင် ပန်းချီကားများ ဝယ်ယူ၍ ပြခန်းများဖွင့်ခြင်းမှ အစ တက္ကသိုလ်ကျောင်းများရှိ စားသောက်ဆိုင် လုပ်ငန်းများ၊ အောင်ဘာလေထီ ပေါက်မဲများကို လိုက်လံဝယ်ယူခြင်း၊ အိမ်၊ ခြံ၊ မြေ ဈေးကွက်များအဆုံး ရှိသည်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးသည် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မဖြစ်မနေ အရေးပါသောကြောင့် ပြဋ္ဌာန်းရန် လိုအပ်ခြင်း ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက ထောက်ပြ ပြောဆိုကြသည်။ ထို့အတူပင် ဥပဒေပြုမဏ္ဍိုင် ဖြစ်သည့် လွှတ်တော်တွင်လည်း ယင်းဥပဒေသည် အမြန်ဆုံး ပြဋ္ဌာန်းနိုင်ဖွယ် ရှိသည့် ဥပဒေတစ်ရပ် ဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင်များထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး စိုက်ပျိုး ရောင်းဝယ် ဖောက်ကားရာတွင် ကမ္ဘာ့ အဆင့်ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အနောက်နိုင်ငံများ၏ ငွေကြေးခဝါချမှုများ အကြီးအကျယ် ပြုလုပ်နေသည်ဟု စွပ်စွဲခံထားရသည်။ ယခုပြဋ္ဌာန်းမည့် ဥပဒေမှာ အနာဂတ်တွင် ယင်းစွပ်စွဲချက်များကို ချေဖျက်နိုင်မည်ဟု စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။

တိုင်းပြည်တွင်း နစ်နာဆုံးရှုံးနေသော အခွန်များ ရရှိစေနိုင်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုကို အားနည်းလာစေခြင်းတို့ကြောင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ ပြဋ္ဌာန်းရန် လုပ်ဆောင်ခြင်းကို လွှတ်တော် ကိုယ်စားလှယ်များ၊ စီးပွားရေး ပညာရှင်များက ကောင်းမွန်သည့် ကိစ္စတစ်ရပ် ဖြစ်ကြောင်း ထောက်ခံ ကြိုဆိုကြသည်။

“ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုတာ မြန်မာနိုင်ငံ အတွက်တင် အရေးကြီးတာ မဟုတ်ဘူး။ အမေရိကလို နိုင်ငံအတွက်ပါ အရေးကြီးတယ်။ အခုပြဋ္ဌာန်းဖို့ စီစဉ်တာ အရမ်းကောင်းတယ်။ ကြိုဆိုရမယ့် ကိစ္စတစ်ခုပဲ” ဟု စီးပွားရေးပညာရှင် ဦးမော်သန်းက ပြောဆိုသည်။

ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်ကလည်း “ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဆိုတာ အရင်တည်းက ရှိပြီးသားကို ပြန်ပြင်တာပဲ။ ပြည့်စုံသွားတော့ ပိုကောင်းတာပေါ့။ ကြိုဆိုရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက မူးယစ်ဆေးဝါး ရောင်းဝယ်တာကလည်း ကမ္ဘာ့အဆင့်စာရင်း ဝင်နေပြီဆိုတော့ ဒီဟာကိုသေချာ လုပ်သင့်တယ်” ဟု ဆိုသည်။

နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေသည့် အကြောင်းတစ်ခု ဖြစ်သော ငွေကြေး ခဝါချမှုကို ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ပြုလုပ်လျက်ရှိပြီး စီးဆင်းမှု ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ရှိနေကြောင်း စီးပွားရေး ပညာရှင်များက ပြောဆိုသည်။

ငွေကြေးခဝါချမှုသည် သာမန် လူတန်းစားများ မသိလိုက်ဘဲ ဖြစ်ပွားနိုင်ပြီး ယင်းကြောင့် သာမန် လူတန်းစားများလည်း ဆိုးကျိုး ခံစားရနိုင်သည်။

“သာမန် ပြည်သူတွေအပေါ်ကို သွယ်ဝိုက်ပြီးရော၊ တိုက်ရိုက်ရော နှစ်မျိုးစလုံး ထိခိုက်နိုင်တယ်။ ဒီငွေဖြူ၊ ငွေမည်းလဲတဲ့သူတွေ ဝင်ကစားတဲ့ ကုန်စည်ဈေးကွက်မှာ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ ဒဏ်တွေကို ခံစားရနိုင်တယ်။ ငွေဖြူငွေမည်းလဲတာက နေရာတိုင်းမှာ ဖြစ်နိုင်တယ်။ ပမာဏများမယ့်သူက ပမာဏများမယ့် နေရာမှာ၊ နည်းမယ့်လူက နည်းမယ့်နေရာမှာ ကန့်သတ်ပြီးတော့ ပြောလို့မရဘူး။ နောက်တစ်ခုက ကုန်ဈေးနှုန်း မတည်ငြိမ်တာကလည်း အစိုးရအတွက် မကောင်းဘူး။ ထိန်းသိမ်းရ ခက်တယ်” ဟု ဒေါက်တာ အောင်ကိုကိုက ပြောကြားသည်။
မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေဈေးနှုန်းများမှာ ဖွံ့ဖြိုးပြီး နိုင်ငံများရှိ ဈေးနှုန်းများထက် အဆမတန် မြင့်မားနေခြင်းမှာ ငွေကြေး ခဝါချမှုနှင့် သက်ဆိုင်ကြောင်း ၎င်းက ပြောဆိုသည်။

ငွေကြေး ခဝါချမှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုကို အဟန့်အတား ဖြစ်စေနိုင်သည်။
“ဘာဖြစ်လို့ဆိုတော့ တရားဝင်လုပ်ငန်းတွေက တရားမဝင်တဲ့ ငွေကြေး စီးဆင်းတဲ့ဆီမှာ အလုပ်မလုပ်ကြဘူး။ နောက် ၂၀၁၅ အာဆီယံ ကုန်သွယ်မှု အသိုက်အဝန်းဖြစ်ရင် ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ စီးပွားရေး အခင်းအကျင်း ရှိဖို့လိုတယ်” ဟု ၎င်းက ရှင်းပြသည်။

ငွေကြေး ခဝါချခြင်းကို ထိရောက်စွာ အရေးယူနိုင်ရန် ဥပဒေပြဋ္ဌာန်းရုံအပြင် ဈေးကွက် လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေး ဥပဒေ (Anti-Monopoly ဥပဒေ) ကို ပြိုင်ဆိုင်မှု ပြင်းထန်သည့် ဈေးကွက်စီးပွားရေး စနစ်အဖြစ် အသွင်ပြောင်းခြင်း၊ အခွန်စနစ်ပြင်ခြင်း၊ နိုင်ငံခြား ငွေလဲနှုန်း တည်ငြိမ် အောင်ထိန်းခြင်း၊ အစုရှယ်ယာဈေးကွက် ဖန်တီးခြင်းများ ပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းက အကြံပြု တိုက်တွန်းသည်။

ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်ကမူ ငွေကြေးခဝါချမှု သက်ဆိုးရှည်ရန် ထောက်ပံ့ ပေးနေသည့် အရာများအနက် နှစ်ပေါင်း ၅၀ ကျော်ကြာအောင် အားကိုးလာခဲ့သော ဟွန်ဒီ ငွေလွှဲလုပ်ငန်းများ အားကောင်းနေခြင်းသည်လည်း အချက်တစ်ချက်ဖြစ်ပြီး ဟွန်ဒီ ငွေလွှဲ လုပ်ငန်းများတွင် လွှဲပြောင်းနေသော ငွေများမှာ တရားဝင်၊ မဝင်စစ်ဆေး၍ မရကြောင်း ထောက်ပြ ဝေဖန်သည်။
“ခင်ဗျားတို့လည်း ကြားမှာပါ။ အိမ်၊ ခြံ၊ မြေတွေကို တရုတ်တွေဝင်ပြီး ဈေးကစားတယ် ဆိုတာတွေ။ အဲဒါတွေက သူတို့ငွေတွေကို နယ်စပ်ကနေ ဟွန်ဒီငွေလွှဲတွေက တစ်ဆင့် လာကြတာလေ။ အဲဒီငွေတွေက တရားဝင် ရတဲ့ငွေဟုတ်၊ မဟုတ်ဆိုတာကို ဘယ်လိုမှ မသိနိုင်ဘူး။ ဘဏ်မှာဆိုရင် အဲလိုလုပ်လို့ မရဘူး” ဟု ၎င်းကရှင်းပြသည်။

ဥပဒေ ပြဋ္ဌာန်းရန် ကြိုးပမ်းသကဲ့သို့ ဟွန်ဒီ ငွေလွှဲလုပ်ငန်းများ ပပျောက်အောင် လုပ်ဆောင်ပြီး ဗဟိုဘဏ်ကလည်း ဘဏ်များ ကျေးရွာအဆင့်ထိ တိုးချဲ့နိုင်ရန် တစ်ဆက်တည်း လုပ်ဆောင်ပေးသင့်ကြောင်း ဦးသန်းလွင်က အကြံပြုသည်။ “တစ်ပြိုင်နက်ထဲ လုပ်ရင် ပိုထိရောက်တယ် ဆိုတာလေ။ နို့မို့ငါးပွက်ရာ ငါးစာချ လိုက်လုပ်နေရင် အောင်မြင်ဖို့ ခက်တာပေါ့” ဟု အစိုးရက ဆက်လက် အကောင်အထည် ဖော်သင့်သည်များကို ၎င်းကထောက်ပြ ပြောဆိုသည်။

မြန်မာနိုင်ငံသည် ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့ (FATF) က ချမှတ်ထားသော အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ငွေကြေး ခဝါချမှုဆိုင်ရာ ထောက်ခံချက်များကို လိုက်နာမှု မရှိသောကြောင့် ၂၀၁၃ ခုနစ် နိုဝင်ဘာလအတွင်း FATF အဖွဲ့ဝင်နိုင်ငံ အချို့နှင့် အမေရိကန် ပြည်ထောင်စုတို့က ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှုများ ထပ်မံပြုလုပ်ခဲ့သည်။

“ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းနိုင်ရင် Sanction (စီးပွားရေး ပိတ်ဆို့မှု) ရုပ်သိမ်းမယ် ဆိုတာကလည်း တစ်စိတ်တစ်ပိုင်းတော့ ဆိုင်တယ်” ဟု ဦးသန်းလွင်က ဆိုသည်။

ဒေါက်တာအောင်ကိုကိုကမူ စီးပွားရေး ပိတ်ဆို့မှုအပြင် အခြားသက်ရောက်မှု ကြီးမားသော ကိစ္စရပ် များကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်ကြောင်း ပြောဆိုသည်။
“Sanction အပေါ် ထိရောက်မှုရှိတယ် ဆိုတာက တစ်စိတ်တစ်ပိုင်းပါ။ ငွေကြေးတွေ ပြည်ပကနေ စီးဝင်လိုက် ပြန်ထွက်လိုက် ဖြစ်နေတာ လျော့နည်း ကျဆင်းစေမယ်။ လျော့နည်းသွားမှ ကုန်စည် ဈေးကွက်၊ ငွေကြေးဈေးကွက်တွေ တည်ငြိမ်လာမယ်။ အဲဒါတွေ တည်ငြိမ်လာရင် တိုင်းပြည် စီးပွားရေး တိုးတက်လာမယ်” ဟု ရှင်းပြသည်။

စီးပွားရေး တိုးတက်လာနိုင်သည်မှာ မှန်သော်လည်း ဥပဒေ ပြဋ္ဌာန်းထားသည့်အတိုင်း ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေါက်တာအောင်ကိုကိုက ဆိုသည်။
ယင်းအချက်ကို တရားလွှတ်တော် ရှေ့နေများကလည်း တညီတညွတ်တည်း ထောက်ခံကြသည်။ မြန်မာနိုင်ငံတွင် လူသတ်မှု၊ ခိုးမှုများအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေ ပြဋ္ဌာန်းချက် များသည် ပြည့်စုံ ကောင်းမွန်သော်လည်း လိုက်နာကျင့်သုံးမှု အားနည်းသည့်အတွက် ငွေကြေး ခဝါချမှုများကို ဥပဒေပြဋ္ဌာန်း၍ အရေးယူနိုင်မည် ဆိုသည်မှာ မသေချာကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သူ့အမြင်ကို ပြတ်သားစွာ တင်ပြသည်။

“ငွေကြေး ခဝါချတာကို တိုက်ဖျက်တဲ့ ဥပဒေကို အရင်တုန်းက ပြဋ္ဌာန်းထားတာပဲ။ ဒါပေမဲ့ တရားရုံးတွေမှာ အဲဒီအမှုကို စစ်ဆေးတာ မတွေ့ရသလောက်ပဲ” ဟု ငွေကြေး ခဝါချမှုများနှင့် ပတ်သက်၍ ဖမ်းဆီး အရေးယူမှု နည်းပါးကြောင်း ၎င်းက ထောက်ပြသည်။

နိုင်ငံတကာက ငွေကြေး ခဝါချမှုများ အကြီးအကျယ် လုပ်ဆောင်နေသည်ဟု စွပ်စွဲသော်လည်း တရားမဝင် ငွေကြေး လွှဲပြောင်း ပိုင်ဆိုင်မှုများကို စိစစ်ရန် ပြည်ထဲရေးဝန်ကြီးဌာနက ၁၉၉၉ ခုနှစ်မှစ၍ တပ်ဖွဲ့ခွဲတစ်ခုမှ စတင်ဆောင်ရွက်ခဲ့ပြီး အမှု ၄၀ ဝန်းကျင်သာ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

လတ်တလော လွှတ်တော်တွင် တင်သွင်းထားသည့် ဥပဒေကြမ်းအရ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းသွားမည် ဖြစ်သည်။ ယင်းအဖွဲ့အောက်တွင် ငွေကြေးဆိုင်ရာ ထောက်လှမ်းရေး တပ်ဖွဲ့ကို ဖွဲ့၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားသည်။
“အရင်ဥပဒေကို ပြဋ္ဌာန်းခဲ့တာက နိုင်ငံတကာ အမြင်ကောင်းအောင် သက်သက်ပဲ။ အားနည်းချက်တွေ ရှိတယ်။ အခု ပြင်တဲ့ဥပဒေကိုလည်း ဒီအတိုင်းပဲဆိုရင် ရသင့်ရထိုက်တဲ့ အခွန်တွေ ဆုံးရှုံးပြီး ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ သုံးရမယ့် ငွေတွေဆုံးရှုံး ကုန်လိမ့်မယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောဆိုသည်။

အမြင့်ဆုံး အပြစ်ဒဏ်အဖြစ် ဒဏ်ငွေ ကျပ်သန်းငါးရာနှင့် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် ယင်းဥပဒေတွင် အချို့ပုဒ်မများတွင် ငွေဒဏ်ကို တိကျစွာ ချမှတ်ထားခြင်း မရှိသေးသောကြောင့် တရားစီရင်ရာတွင် ဟာကွက်များ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရှေ့နေ ဦးထွန်းအေးက ပြောကြားသည်။
စုံစမ်း ထောက်လှမ်းရေးအဖွဲ့က အဂတိ လိုက်စားမှုရှိလျှင် လူတစ်ရာ ကျူးလွန်ပါက တစ်ဦးသာ ပြစ်ဒဏ် ချမှတ်နိုင်မည်ဟု ယူဆကြောင်း ၎င်းကဆိုသည်။

ငွေကြေး ခဝါချမှု စစ်ဆေးရာတွင် နိုင်ငံခြား၌ အလုပ်လုပ်ပြီး မိသားစုအတွက် ငွေလွှဲခြင်းများကို သွားစစ်မိသည့် အနေအထားများလည်း ရှိနိုင်ကြောင်း စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကိုက ဆိုသည်။ “ယုန်ထောင်ကြောင်မိ ဆိုသလို ဖြစ်နေမှာကို စိုးရိမ်ရတယ်။ တိုင်းပြည်ထဲမှာရှိတဲ့ ဘယ်ကုန်စည်က အဆမတန် ဈေးမြင့်မားနေတယ်။ အဲဒါကို ဘယ်သူက ချုပ်ကိုင်ထားတယ် ဆိုတာတွေကိုလိုက်ရင် ခဝါချမှုရှိ မရှိ သိနိုင်တယ်။ ဒါပေမဲ့ ကုန်စည်ဆိုလို့ ဟင်းရွက်ကန်စွန်း ဈေးမြင့်တဲ့ဆီမှာတော့ သွားစစ်လို့ မရဘူး” ဟု ၎င်းကဆိုသည်။

အစိုးရက ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို အလျင်အမြန် ပြဋ္ဌာန်းရန် ကြိုးပမ်းခြင်းသည် စီးပွားရေး တိုးတက်လာရန် ဆိုသည့်အချက်အပြင် လာမည့် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပြင်သစ်နိုင်ငံတွင် ပြုလုပ်မည့် ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်မှုအဖွဲ့ (FATF) အစည်းအဝေး ကလည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

ယင်းအစည်းအဝေးတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အခွင့်အလမ်းများ ရှိနေသည်ဟု အသိအမှတ်ပြု ခံနေရသော မြန်မာနိုင်ငံ၏ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး အခြေအနေများကို ဆွေးနွေးသွားမည် ဖြစ်သည်။ အခြေအနေ တိုးတက်မှု မရှိပါက စီးပွားရေး ပိတ်ဆို့မှုများ ဖြင့်အရေးယူမည် ဖြစ်ကြောင်း FATF ဥက္ကဋ္ဌ Mr.Vladimir Nechaev က ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြားစာ ပေးပို့ထားခြင်းကြောင့် ယင်းမတိုင်မီ ဥပဒေပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယခုကဲ့သို့ ဥပဒေများ ပြဋ္ဌာန်းခြင်း မပြုလုပ်ပါက စီးပွားရေး ဖွံ့ဖြိုးစ မြန်မာနိုင်ငံကို နိုင်ငံတကာ အဖွဲ့အစည်းများက စီးပွားရေး ပိတ်ဆို့မည့် အနေအထားများ တွေ့ရကြောင်း သတိပေး ပြောကြားထားသည်။

ဥပဒေကို ၁၇ ရက်အတွင်း ပြဋ္ဌာန်းနိုင်ရန် ဆိုင်ရာ ဥပဒေပြုလွှတ်တော် ကိုယ်စားလှယ်များ စိုင်းပြင်းရတော့မည်။

မှောင်ခို၊ ပုံမှန် မဟုတ်သော၊ တရားမဝင် ဈေးကွက်က ကျယ်ပြန့်စွာ နေရာယူထားသော မြန်မာနိုင်ငံတွင် တရားမဝင်ငွေကို လွယ်လင့်တကူ အသွင်ပြောင်းနေသည်ကို မည်သို့ တိုက်ဖျက်မည် ဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။ တရားမဝင် ငွေမည်းမှ ငွေဖြူသို့ အသွင်ပြောင်းနေသော ငွေခဝါချသည်တို့တွင် အစိုးရ ခေါင်းဆောင်များနှင့် ပလဲနံပသင့်သူများ၊ ဆွေမျိုးသားချင်းများ၊ နာမည်ကျော် သူကြွယ်များပင် ပါဝင်နိုင်သည်။

“အရင် အစိုးရလက်ထက်မှာ နာမည်ကြီး ငွေဖြူငွေမည်း လုပ်တဲ့သူတွေ ချမ်းသာနေတာတွေ ရှိနေတာပဲ။ အတည်ပြုပြီးရင် စောင့်ကြည့်ရမှာပေါ့” ဟု ဦးထွန်းအေးက ဆိုလေသည်။

thevoicemyanmar