ချင်းပြည်နယ် ဖလမ်းခရိုင်တွင် ဘိန်းခင်းဧက ၆၀၀ ကျော် ဖျက်ဆီး

ပို့စ်တင်ချိန် - 1/05/2014 07:30:00 PM


ချင်းပြည်နယ် ဖလမ်းခရိုင် အတွင်းမှာ ဒီဇင်ဘာ ၁၀ ရက်ကနေ ၂၄ ရက်အထိ ဘိန်းခင်း ဧက ၆၀၀ ကျော် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ထွန်းဇံမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ ၃ ဖွဲ့က ထွန်းဇံမြို့နယ်နဲ့ ကျီးခါးမြို့နယ်ခွဲအတွင်းရှိ ဘိန်းစိုက်ခင်း ၆၇၂ ဒဿမ ၈၆ ဧကကို သွားရောက်ဖျက်ဆီးခဲ့တာလို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 ဒါ့အပြင် ချင်းပြည်နယ်အတွင်း ၂၀၁၃ ခုနှစ်အတွင်း ဒီဇင်ဘာ ၇ ရက်နေ့အထိ မူးယစ်ဆေးဝါး အမှုပေါင်း ၂၃ မှုကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက ၁၉၉၉ ခုနှစ်ကနေ၂၀၁၄ ခုနှစ်အထိ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းကို ချမှတ်ထားပေမယ့်  လက်နက်ကိုင် တိုက်ပွဲတွေကြောင့် အောင်မြင်မှုမရသေးတဲ့အတွက် လာမယ့် ၂၀၁၉ ခုနှစ်အထိ နောက်ထပ် ၅ နှစ် တိုးချဲ့သတ်မှတ်ထားတယ်လို့ အစိုးရထိပ်တန်း အရာရှိတဦးက နိုင်ငံတကာ ကွန်ဖရင့်တခုမှာ ပြောကြားခဲ့ဖူးပါတယ်။
DVB Burmese