မန္တလေးက ကျွဲဆည်ကန်ကားဝင်းကို လေယာဉ်ကွင်းပုံစံ အဆင့်မြှင့်တင်တော့မည်

ပို့စ်တင်ချိန် - 1/04/2014 01:15:00 AM


မန္တလေးမြို့၏ ကျွဲဆည်ကန် (ချမ်းမြရွှေပြည်) ခရီးသည်တင် အဝေးပြေးယာဉ်ရပ်နားစခန်းကို လေယာဉ် ကွင်းငယ်ပုံစံကဲ့သို့ အဆင့်မြှင့်တင်ရန် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူး ဦးမျိုးအောင်က ပြောသည်။

၎င်းယာဉ်ရပ်နားစခန်းကို အဆင့်မြှင့်ပြီး BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းမည်ဖြစ်ပြီး အဆိုပါစီမံကိန်းဆိုင်ရာ အချက်အလက်များကို၂၀၁၄ ဇန်န၀ါရီ ၃၁ ရက်တွင် တင်ပြရန် သတ်မှတ်ထားပြီး ၎င်းတို့တွင် အဆင့်မြှင့် တင်ဆောင်ရွက်ရမည့် အချက်များတွင် နောင်အနှစ် ၃၀ အတွင်း တိုးလာမည့် ယာဉ်အရေအတွက်ကိုပါ ထည့်သွင်းစဉ်းစား တွက်ချက်ရမည်ဖြစ်သည်။ ထို့ပြင် အဆိုပါကားဝင်း ဆိုက်ရောက်၊ ထွက်ခွာနေရာများ ထားရှိရန်၊ ကိုယ်ပိုင်ယာဉ်ရပ်နားရန် နေရာများ၊ ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်၊ရှော့ပင်းစင်တာ အစရှိ သည့် အဆောက်အအုံများကိုပါ ထည့်သွင်း ဆောင်ရွက်ရမည်ဖြစ်သည်။

တင်ဒါစည်းကမ်းချက်များအနက် မြန်မာနိုင်ငံအတွင်းမှ မည်သည့်ကုမ္ပဏီအဖွဲ့အစည်းမဆို လျှောက်ထား နိုင်သော်လည်း ပြည်ပကုမ္ပဏီဖြစ်ပါက မြန်မာ
ကုမ္ပဏီဖြင့်သာ ဖက်စပ်လုပ်ကိုင်ရမည်ဟု ပါရှိသည်။

ကားကွင်းအတွင်းတွင် ယာဉ်ရပ်နားစခန်းအဖြစ် သီးသန့်မရှိခြင်း၊ ကွန်ကရိဖြင့် စနစ်တကျ လမ်းခင်းထား မှုမရှိခြင်း၊ ကားကွင်းအတွင်း ကားအ၀င်၊ အထွက်များ စနစ်တကျမရှိဘဲ နေ့စဉ် ခရီးသည်တင် ကားကြီး များ အများစု ၀င်ရောက်ချိန်နှင့် ထွက်ခွာချိန်တို့တွင် ကွင်းအတွင်း ယာဉ်ကြောများ ပိတ်ဆို့ခြင်း၊ ကျပ်ခြင်း များ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိသည်။

ထို့အတွက် ချမ်းမြရွှေပြည်ကားကွင်းကို လေယာဉ်ကွင်းတစ်ကွင်း၏ ၀န်ဆောင်မှုမျိုးကဲ့သို့ ပေးနိုင်ရန်အ တွက် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

လေယာဉ်ကွင်း၏ ၀န်ဆောင်မှုပုံစံအတိုင်း ထွက်ခွာ (Departure) နှင့် ဆိုက်ရောက် (Arrival) ပုံစံများပြု လုပ်ခြင်း၊ ကားလက်မှတ်အရောင်းကောင်တာများထားရှိခြင်း၊ ပစ္စည်းလက်ခံနေရာနှင့် လက်ရှိရှိနေသော စားသောက်ဆိုင်များကို စနစ်တကျ နေရာပြန်လည်ချထားပေးသွားမည် ဖြစ်သည်။

“လေယာဉ်ကွင်းတစ်ခုရဲ့ ၀န်ဆောင်မှုမျိုးအတိုင်း လုပ်သွားမယ်၊ ကိုယ်ဝယ်ထားတဲ့ လက်မှတ်အချိန် ရောက်ရင် အဲဒီကားက ထိုးမယ်၊ အဲမှာ ကားစီးမယ်ဆိုရင် လေယာဉ်စီးသလိုပဲ ကားကိုတက်စီးလိုက်ရုံပဲ၊ ပစ္စည်းတွေကအစ ပစ္စည်းလက်ခံတဲ့နေရာအဖြစ် သီးသန့်လုပ်မယ်”ဟု မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်က ချမ်းမြရွှေပြည် ခရီးသည်တင် အဝေးပြေးယာဉ်ရပ်နားစခန်း (ကျွဲဆည်ကန်ကားကြီးကွင်း)သည် ယခင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းနှစ်ခုလုံးအတွက် အသုံးပြုသည့် ကားကွင်းတစ်ခုဖြစ် ပြီး ၂၀၁၃ မတ်လမှစတင်ကာ ခရီးသည်တင်ကားကွင်းအဖြစ် အသုံးပြုလျက်ရှိသည်။

မန္တလေးမြို့အခြေစိုက်ကာ ဆိုက်ရောက်ထွက်ခွာသည့် မော်တော်ယာဉ်ဂိတ်ပေါင်း ၉၈ သင်းရှိရာ နေ့စဉ် ခရီးသည်ဝင်ထွက်မှု ပျမ်းမျှအရေအတွက်မှာ ခြောက်ထောင်ကျော်ခန့်ရှိကြောင်း အဆောက်အအုံနှင့်ကုန် ရုံဌာန၏ မှတ်တမ်းများအရ သိရသည်။
Mizzima Burmese