အခြေခံဥပဒေပြင်ရာတွင် တပ်မတော် ပါသလို၊ မပါသလို လုပ်၍မရဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ပို့စ်တင်ချိန် - 1/06/2014 08:15:00 AM


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်သည့် (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် တက်ရောက် မိန့်ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ - နစ်ကီ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်အနေဖြင့် ပါသလို၊ မပါသလို လုပ်နေ၍ မရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

““အခု ကျွန်မတို့လုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဟာလည်း တပ်မတော်အတွက် အင်မတန်မှအရေးကြီးပါတယ်။ တပ်မတော်ရဲ့ ကဏ္ဍဟာလည်း အင်မတန်မှ အရေးပါ ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဟာ တစ်နိုင်ငံလုံးအတွက်ဖြစ်တယ်ဆိုတာ တပ်မတော်ကရော၊ ပြည်သူတွေကရော အားလုံးသိဖို့လိုပါတယ်”” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တပ်မတော်နှင့် လက်တွဲလုပ်ဆောင်လိုသည့်အပြင် တပ်မတော်သည် တိုင်းပြည်အတွက် အစိတ်အပိုင်းတစ်ခုဖြစ်သည်ကို အသိအမှတ်ပြုရမည်ဖြစ်ပြီး ပြည်သူလူထု၏ လေးစားချစ်ခင်သော တပ်မတော်တစ်ရပ်ဖြစ်ရမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။
ဇန်န၀ါရီ ၄ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ်၌ ကျင်းပခဲ့သော (၆၆)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနား၌ ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး လွတ်လပ်သော နိုင်ငံတစ်နိုင်ငံနှင့် ထိုက်တန်သည့် စနစ်တစ်ခုထူထောင်နိုင်ဖို့ အတွက် ပြည်သူလူထုနှင့် တပ်မတော် ပူးပေါင်းဆောင်ရွက်ပြီး လုပ်ကိုင်နိုင်မည်ကို ယုံကြည်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို လွတ်လပ်ရေးနေ့ နှုတ်ခွန်းဆက်စကားအဖြစ် ပြောကြားခဲ့သည်။
လက်ရှိ အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးတွင် အရေးပါသည့်အတွက် မဆိုင်သလိုနေ၍မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။
ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ အကြံပြုချက်များပေးပို့ရာတွင် တပ်မတော်ကလည်း အကြံပြုချက်များ ပေးပို့ထားသည်။
7 Day Daily