ဘယ်သူ့အပြစ်လဲ

ပို့စ်တင်ချိန် - 1/27/2014 11:34:00 AM


ဒီနေ့ ကျွန်မဆီကို မိန်းကလေး တစ်ဦး ရောက်လာသည်။ စာသင်ခန်းထဲ စာသင် နေချိန်မို့ ဘယ်သူ ဘယ်ဝါမသိ။ ဧည့်သည် ရောက်နေတယ် ဟု လာပြောသဖြင့် ခဏစောင့်ရန် သာ ပြောထား လိုက်သည်။ စာသင်ချိန် ပြီးလို့ ထွက်လာသည့် အခါ ပိန်ပိန်ပါးပါး မိန်းကလေး တစ်ဦးနှင့် အသက်လတ်ပိုင်း လောက်ရှိမည့် အမျိုးသမီး တစ်ဦး ထိုင်နေသည်။ မိန်းကလေး က ပြုံးရွှင်စွာဖြင့် နှုတ်ဆက်သည်။

'' ဆရာမ...သမီးကို မှတ်မိလား '' ဟုမေးရာ မိန်းကလေး အမေးကို မဖြေခင် ကျွန်မအတွေး ဝင်လာမိသည်။ ယခင်က ကျွန်မတို့ အိမ်ဘေး ဝင်းထဲရှိ တန်းလျားတွင် နေသွားသည်။ ယနေ့ခေတ် တွင် တန်းလျား ဆိုသော အခေါ်အဝေါ် မကြားရ သလောက် တန်းလျားနှင့် နေရသော လူ့အဖွဲ့အစည်း မရှိသလောက် ရှားပါးသွားပြီ မဟုတ်ပါလား။ သို့သော် ယခု ကျွန်မ မြင်နေရသည်က ကိုယ်နှင့် အနီးလေး မှာပင် ခြံဝင်း တစ်ခုထဲတွင် တန်းလျား ဆောက်ပြီး မိသားစု ရှစ်ဦးမျှ နေထိုင် ကြသည်။

ကလေးများဖြင့် ပျော်စရာ ကောင်းသလောက် ရှုပ်ထွေး လှသော ဘဝတွေက ငြီးငွေ့ဖွယ် ကောင်းလှသည်။ အဆိုပါ ဘဝလေးများ ထဲမှ ကြိုးစား နေကြသူများ ကိုမြင်လျှင် အားပေး ချင်စိတ်များ ဖြစ်မိသည်။ တတ်နိုင် သလောက် အဆိုပါ ဝင်းထဲမှ ကလေးများ၏ ကျောင်းစရိတ်ကို ထောက်ပံ့ပေးရန် မိသားစုနှင့် တိုင်ပင်ခဲ့သည်။

ကျွန်မတို့နှင့် မနီးမဝေးတွင် ဖောင်တော်ဦး ပရဟိတ ပညာသင်ကျောင်း ရှိသဖြင့် ကလေးများ အားလုံး ထိုကျောင်းတွင် ပညာသင်ကြား ကြသည်။ ထို့ကြောင့် ပညာရေး စရိတ် ထောက်ပံ့ ရသည်မှာ ဝန်မကြီး လှပေ။ သူငယ်တန်း မှ တက္ကသိုလ် ဝင်တန်း အထိ ကလေးများ ၏ဘဝ မြင့်မားရေး သည်သာ ကျွန်မ၏ ဆန္ဒဖြစ်သည်။ ယခု မိန်းကလေးမှာ မနှစ်က တက္ကသိုလ် ဝင်တန်း ဖြေထားသူ ဖြစ်သည်။ စာမေးပွဲ ဖြေရန် ကျောင်းမှာ သင်တာနှင့် မလုံလောက်။ ကျူရှင်တက်မှ ဖြစ်မည်။ နှစ်ချင်းပေါက် အောင်စေ ချင်သည်လို့ သူမ၏ အမေ လာပြောသော အခါ ကျွန်မအသိ ကျူရှင်တွင် အပ်ပေးရန် စီစဉ်ခဲ့သည်။ ဒါပေမဲ့ သူတို့နှင့် ရင်းနှီးသည့် ဆရာမထံ တွင်သာ တက်ချင်သည် ဟု ပြောသဖြင့် ကျူရှင်လခ ကိုသာ ပေးခဲ့ရသည်။ မိန်းကလေး ကံမကောင်း ရှာပါ။

'' မှတ်မိပါတယ် သမီး။ ဒါနဲ့ အခု သမီး ဘာလုပ်နေလဲ ''ဟု မေးရာ သူ့မိခင်က '' အဲဒါပဲ ပြောမလို့ ဆရာမရေ အခု အကြီးမ ကလဲ ကျောင်း ဆက်မတက် တော့ဘဲ ဈေးချိုထဲမှာ အလုပ်လုပ် နေတယ်။ အငယ်ကောင် ကလဲ ခြောက်တန်း ရောက်ပြီ။ သူကလဲ စာမေးပွဲ မဖြေချင် တော့ဘူး။ အလုပ်ပဲ လုပ်မယ်တဲ့။ အဲဒါ ဆရာမဆီ အလုပ် တောင်းမလို့။ သူများ ဆီမှာဆို ဆယ်တန်း မအောင်တော့ အောက်ကျတယ်။ သူကလဲ ဈေးချိုထဲမှာ ဈေးရောင်းတဲ့ အလုပ် မလုပ်ချင် ဘူးတဲ့ '' ဟု ပြောပြသည်။

သူမ၏ စိတ်ဓာတ်ကို ကျွန်မကြိုက် မိသည်။ အတော် များများက ကျောင်းဆက် မတက်ဘဲ ဈေးချိုတွင် ဈေးရောင်းသည့် အလုပ်ကို အလွယ် တကူပင် လုပ်ကြသည်။ တစ်လ ငွေကျပ် လေးသောင်း လောက်သာ ရသော်လည်း နံနက် ၉ နာရီမှ ညနေ ၄ နာရီထိဆိုတော့ အလုပ်ချိန် အရဆိုလျှင် အခြား အလုပ် များထက် သက်သာသည်။

'' သမီးက ဈေးမရောင်း ချင်ဘူး ဆိုရင်တော့ ခက်ပြီ။ ဆရာမ ဆီမှာ လောလောဆယ် တော့ အလုပ်ပေး ရင်လဲ စာရေး ကိရိယာဆိုင် အတွက်ပဲ နေရာပေး လို့ရမယ်။ ပြီးတော့ သမီးက အခြားပညာလဲ ဘာမှ မတတ်သေးဘူး မဟုတ်လား။ အလုပ်လုပ် တယ်ဆိုတာ ကတော့ သူများ အလုပ် ဆိုကတည်းက အောက်ကျ တယ်လို့ တွက်လို့ မရဘူး။ ကိုယ်က လုပ်အား ပေးတယ်။ ကိုယ့်လုပ်အား နဲ့ ထိုက်တန်တဲ့ လုပ်ခ လစာကို သူများက ပေးတယ်။ ဒီလိုပဲ မှတ်ရမှာပေါ့''။

''အဲဒီလိုလဲ မဟုတ်ပါဘူး ဆရာမရယ်။ ဆရာမ ဆီမှာဆို သမီးလုပ် နိုင်ပါတယ်။ အလုပ်လုပ်ရင်း ကွန်ပျူတာလဲ သင်ချင်ပါတယ် သမီးကြိုးစား မှာပါ''။

မိန်းကလေး အသံမှာ အားတက်သရော ရှိလှသည်။ ကိုယ့်ဆီ အားကိုးတကြီး နှင့် လာသည်မို့ ငြင်းဆန်ရမှာ ကျွန်မ ဝန်လေးသည်မှာ အမှန်ပင်။ အဖေနှင့် အမေကရော ဘာလုပ်သလဲ မေးရာ မိခင်ဖြစ်သူက '' ကျွန်မက ဘာမှ မလုပ်နိုင် ပါဘူး ဆရာမရယ်။ အစာအိမ် ရောဂါရှိတော့ အအေးမိလဲ မခံနိုင်ဘူး အိမ်မှာပဲ။ သူ့အဖေကလဲ အခု ကျန်းမာရေး သိပ် မကောင်းဘူး။ တစ်ခါတလေ ပန်းရန် အလုပ်တော့ ထွက်လုပ် ပါတယ်'' ဟု ပင်ပြောပြ သည်။

ကျွန်မ အလွန်အံ့သြ သွားသည်။ အဖေနှင့် အမေ အလုပ်မလုပ် ပါဘဲ သမီးတစ်ယောက် ၏ လုပ်စာဖြင့် ဘယ်လို နေထိုင် ကြသလဲ။ ဒီလိုနှင့်ကျွန်မဆိုင်မှာ ထိုမိန်းကလေး အလုပ်လုပ် ဖြစ်ခဲ့သည်။ သို့သော် တစ်လပဲ ကြာသည်။ နောက်လ ရောက်တော့ မိန်းကလေးမှာ အလုပ် မဆင်းတော့ပါ။ နောက်မှ သိရသည်မှာ ပြင်ဦးလွင်က စားသောက်ဆိုင် တစ်ခုမှာ တစ်လလျှင် ရှစ်သောင်း နှင့် သွားလုပ်သည်။ စားရိတ်ငြိမ်း ဆိုတော့ မိသားစု အတွက် ပိုအဆင်ပြေ သည်။ အသက် ၄ဝ ပင် မပြည့်သေးသော သူမ၏ မိဘနှစ်ပါးမှာ ယခုအထိ အသောက် အစားမပျက် ၊ အလုပ် ဗလာကျင်းနှင့် နေနေသည်ကို တွေ့ရသည်။ ကျွန်မ ဘာမှမပြောလို တော့ပါ။ မျက်လွှာသာ အသာချလို့ စိတ်ထဲမှ
ဆိုမိသည်။

သြော်...ကံမရှိ ဉာဏ်ရှိတိုင်းမွဲ ဆိုသည်ထက် ကံမဲ့သူ ရှာသမျှ ကံကြီးသူ ခံစားဆိုတာ ဒါကိုပြောတာ ပါလား။ သို့သော် သူတို့မှာ ဉာဏ်ရှိသည့် အလျောက် ကြိုးစား ကြသည့် အထဲတွင် မပါပါ။ ကံကိုသာ ရိုးမယ်ဖွဲ့ နေကြသည် မဟုတ်ပါလား။

မဒါလေး
မြ၀တီ