တစ်နှစ်နီးပါး ကြာပြီ ဖြစ်သော ကန့်ကွက်မှု သက်ဆိုင်ရာက ဖြေရှင်းရာတွင် နှောင့်နှေးကြန့်ကြာနေကြောင်း သိရ

ပို့စ်တင်ချိန် - 1/01/2014 01:46:00 PM


တနသာင်္ရီတိုင်းဒေသကြီး မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊မြို့သစ်(၅) ရပ်ကွက် ရွှေစံပယ်လမ်းလမ်းသူ လမ်းသားများနှင့် ဆယ်အိမ်မှူး ဦးဝိုင်တင် ကြား အငြင်းပွား နေမှုသည် တစ်နှစ်နီးပါးကြာလာပြီ ဖြစ်သော်လည်း သက်ဆိုင်ရာက ဖြေရှင်းပေးမှု နှောင့်နှေးကြန့်ကြာနေကြောင်း သိရသည်။

 “၁၄.၀၁.၂၀၁၃ရက်နေ့ကတည်းက ကျွန်တော်တို့ လမ်းသူလမ်းသား အယောက်(၂၀) ကဒီကိစ္စကို လက်မှတ်ထိုးပြီး သက်ဆိုင်ရာဌာန တွေကို တိုင်စာ ပေးပို့ခဲ့တာပါ။ အခုထိ အဖြူအမဲ ကွဲကွဲပြားပြားမရှိသေးပါဘူး” ဟု ၎င်းလမ်း၌ နေထိုင်သူက ပြောသည်။ ၎င်းတိုင်စာ ပေးပို့ခဲ့ပြီး နောက် သက်ဆိုင်ရာ ဌာနများမှ အကြိမ်ကြိမ် ကွင်းဆင်းကြည့်ရှုခဲ့ကြ သော်လည်း ထိရောက်သောအရေးယူ ဆောင်ရွက်မှု တစ်စုံတစ်ရာ တိုးတက် ဖြစ်ထွန်းခြင်း မရှိသောကြောင့် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် စည်ပင် ၀န်ကြီးထံ ထမ်မံ၍ တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။


“၀န်ကြီးဆီကိုတိုင်စာထပ်ပို့တယ်။ တိုင်စာထပ်ပို့ပြီး သိပ်မကြာခင် ၂၀၁၃-ဒီဇင်ဘာ ၁၇-၁၈ ရက်နေ့ ကျွန်တော်တို့( ၂၀ )ဦးထဲက (၈)ဦးကိုမြို့နယ် အုပ်ချုပ်ရေးရုံးက ခေါ်ပြီးမေးမြန်းတယ်။ တိုင်စာပို့တာ မှန်ကန်ကြောင်း၊ တိုင်စာပါ အချက်အလက် အားလုံးလည်း ဟုတ်မှန်ကြောင်း ထွက်ဆိုခဲ့တယ်။ အလားအလာ ကောင်းတဲ့ ဖက်ဆီ ဦးတည်လာပြီလို့တော့ မျှော်လင့်လို့ရလာတယ်။ ဆက်ပြီး မုန်လာဥ လုပ်နေဦးမည်ဆိုရင်တော့ သမ္မတ ထိတိုင်ဖို့ ၀န်မလေးဘူး”  ၎င်းကပြောသည်။

လွန်ခဲ့သောနှစ်ပေါင်း(၃၀)ခန့်မှ စ၍အင်းလေးကမ်း ကူးတို့ဆိပ်ဟု ခေါ်သောယခင် ကူးတို့ကူးရာ ဆိပ်ကမ်းမြေ နေရာ၌  ဦးဝိုင်တင် ဆိုသူက ကိုယ်ပိုင် အဆောက်အအုံ တစ်ခု ဆောက်၍ စီးပွားရှာနေသည့် အပြင့်၊ ၀ါးခုတ်၊ ဓနိဖက်ခုတ်၊ ငါးထောင် စသော အလုပ်ကို ရှာဖွေ စားသောက်နေကြသော ရပ်ကွက်သား လှေငယ်လေးများ ပစ္စည်းတင်ချ ဆိုက်ကပ်ရာ နေရာ၌ ၎င်းက ခြံစည်းရိုးခတ် ကာရံ ပိတ်ဆို့ထားခြင်းကြောင့် ဆင်းရဲသားများလုပ်ကိုင် စားသောက်ရန် အခက်အခဲများ ကြုံခဲ့ကြရပြီး ယခုကဲ့သို့  အငြင်းပွားမှုများတစ်စတစ်စ ကြီးထွား လာနေကြောင်း သိရသည်။

ကိုဆန်း(မြိတ်)
မြိတ်ပုလဲမြေ