အမျိုးသမီးဒုဗိုလ်မှူးကြီးတွေ လွှတ်တော်ထဲ ၀င်ထိုင်မယ်

ပို့စ်တင်ချိန် - 1/12/2014 08:30:00 AM


အမျိုးသမီးစစ်အရာရှိ ၂ ဦး လွှတ်တော်အမတ်ဖြစ်ပြီ လို့ သောကြာနေ့ထုတ် အစိုးရအာဘော်သတင်းစာတွေမှာ တွေ့ရပါတယ်။

ဒုဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့်၊  ဒုဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင် တို့ပါပဲ။

ပြည်သူ့လွှတ်တော်အစည်းအဝေးတွေ ပြန်အစပြုတဲ့အခါ ဓာတ်ပုံဆရာများက သူတို့ကိုပဲ အာရုံပိုစိုက်ကြဖွယ်ရှိပါတယ်။

တခြားသော မိုးကျရွှေကိုယ်များနည်းတူ သူတို့လည်း ဘာရွေးကောက်ပွဲမှ ၀င်စရာမလိုဘဲ လွှတ်တော်ထဲရောက်မှာပါ။ သက်တောင့်သက်သာရှိလေစွ။

ခါတိုင်းတော့ စစ်ဗိုလ်တွေ လွှတ်တော်ထဲ ၀င်ထိုင်ဖို့ ဆိုရင် အမျိုးသားတွေကိုပဲ လွှတ်ခဲ့တာပါ။

အခုတော့  ပြည်သူ့လွှတ်တော်ထဲကို  ပထမဆုံးအကြိမ်အဖြစ်  ကြည်းတပ်က အမျိုးသမီးစစ်အရာရှိများ စေလွှတ်လိုက်ခြင်းပါ။
၂၀၁၄ နှစ်ဆန်းပိုင်း  တပ်မတော်ရဲ့ အကြီးမားဆုံး အပြောင်းအလဲတွေထဲ ဒီဖြစ်ရပ် ပါဝင်သွားဖွယ်ရှိပါတယ်။

အမျိုးသမီးအခွင့်အရေးဆောင်ရွက်သူတွေအတွက်တော့ ဒီဖြစ်ရပ်ကို ကြိုဆိုရမလို ကန့်ကွက်ရမလို ဖြစ်နေပါလိမ့်မယ်။

ကြိုဆိုပြန်ရင်လည်း စစ်အာဏာရှင်တွေဘက်ကိုလိုက်တဲ့သဘော သက်ရောက်သွားမယ်၊ ကန့်ကွက်ပြန်ရင်လည်း အမျိုးသမီးတွေ လွှတ်တော်ထဲရောက်တာ မကျေနပ်ဘူးလား အမေးခံရပြန်ပါဦးမယ်။

သေချာတာကတော့ ဒီအမျိုးသမီးနှစ်ဦး လွှတ်တော်ထဲ ဘယ်လောက်ကြာကြာ ဝင်ထိုင်ရမယ် ဆိုတာကို ဘယ်သူမှ မသိကြခြင်း ဖြစ်ပါလိမ့်မယ်။

လွှတ်တော်အသီးသီးရဲ့လွှတ်တော်အမတ်များထဲမှာ  စစ်တပ်ကပို့တဲ့သူအရေအတွက်က ၂၅ ရာခိုင်နှုန်း ရှိပါတယ်။
သူတို့ကို မိုးကျရွှေကိုယ်လို့ တချို့က ခေါ်သလို တမတ်သား (၂၅ ရာခိုင်နှုန်း)  လို့လည်း ခေါ်ကြတာပါပဲ။ တရားဝင်အသုံးအနှုန်းတော့မဟုတ်ပါဘူး။ လွှတ်တော်ထဲ အဲသလို သုံးနှုန်းမိရင် ဗိုလ်ချုပ်ကြီးလွှတ်တော်ဥက္ကဋ္ဌက ဆွဲထုတ်စေလို့ အမိန့်ပေးမယ်ထင်ပါရဲ့။
တရားဝင်အခေါ်ကတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။

စစ်ဗိုလ် ၂၅ ရာခိုင်နှုန်းပါဝင်တဲ့ လွှတ်တော်များပေါ်ပေါက်ရေးကို ဗိုလ်ချုပ်ကြီးတို့က နှစ်ပေါင်းများစွာ စနစ်တကျအကွက်ချပြီး ဖန်တီးခဲ့တာပါ။
သူတို့စိတ်ကူးတွေကို ၂၀၀၈ ခုနှစ်မှာ လူထုထောက်ခံမှုရတယ်၊ အတည်ပြုတယ် ဆိုတာတွေ ဖြစ်မြောက်အောင် စီစဉ်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဗိုလ်ချုပ်ကြီးတွေရဲ့ အစီအမံများ အခုချိန်အထိ အလုပ်ဖြစ်နေတာ တွေ့ရပါတယ်။

ဒီလိုအခြေအနေမှာ လွှတ်တော်ထဲကို အမျိုးသမီးနှစ်ဦး ထည့်ပေးလိုက်ပါပြီ။
ဒီလုပ်ရပ်ကို ပြည်တွင်းပြည်ပက  ကြိုဆိုထောက်ခံမှုတချို့ ထွက်လာလိမ့်မယ်လို့ ယူဆရပါတယ်။

ဧရာဝတီ သတင်း