အူမကြီး ရောင်ရမ်းမှု ဖြစ်စေသည့် အကြောင်းများ

ပို့စ်တင်ချိန် - 1/12/2014 07:15:00 PM


▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အူမကြီးရောင်ရမ်းတာက အဖြစ်များပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ အမြဲတွေ့နေရပါတယ်။ လူနာတွေက အူမကြီး ရောင်ရမ်းမှု ဖြစ်ရင် အထူးကု ဆရာဝန်နဲ့ လာပြလေ့ရှိပါတယ်။ အူမကြီး ရောင်ရမ်းမှု ဖြစ်စေတဲ့ အကြောင်း အများကြီး ရှိပါတယ်။ အဖြစ်အများဆုံး အကြောင်းကတော့.....

ပိုးမွှား၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုး (Parasite) တွေကြောင့် ဖြစ်တတ်ပါတယ်။

အစားအသောက်ဟာ မသန့်ရှင်းတဲ့ အစားအသောက် ဖြစ်ရင်၊ အပူအစပ်စာ စားမိရင်၊ ပိုးပါဝင်ရင် အူမကြီး ရောင်ရမ်းတတ်ပါတယ်။ အထူးသဖြင့် တချို့လူတွေမှာ အသုပ်၊ အချဉ်နဲ့ အစပ်စာတွေ စားမိရင် ဖြစ်တတ်ပါတယ်။

တချို့ဓါတ်ပစ္စည်း (Chemical) တွေနဲ့ မတည့်တာမျိုးပါ။

ကိုယ်နဲ့ မတည့်တဲ့ ဓါတ်ပစ္စည်းပါတဲ့ အစာတွေကို စားမိရင် အူမကြီးရောင်တတ်ပါတယ်။ တချို့လူတွေမှာ ပင်လယ်စာကို စားမိရင် ပင်လယ်စာနဲ့ မတည့်တာကြောင့် ဝမ်းပျက်တာနဲ့ အော့အန်တာတွေ ဖြစ်တတ်သလိုမျိုးပါပဲ။

တချို့လူတွေကျတော့ အသက်ကြီးလာတဲ့အခါ သွေးကြောကျဉ်းပြီး သွေးမဝတာကြောင့် အူရောင်တတ်ပါတယ်။

ဒါကို Ischaemic Colitis လို့ ခေါ်ပါတယ်။ ဒီရောဂါ အမျိုးအစားက နိုင်ငံခြားသားတွေမှာ အဖြစ်များပါတယ်။ အသက်ကြီးလာတဲ့အခါ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူတွေမှာလည်း အဖြစ်များပါတယ်။

အူမကြီးရောင်တာက မျိုးရိုးဗီဇနဲ့လည်း ပတ်သက်မှု ရှိပါတယ်။

မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ အူမကြီး ရောင်ရမ်းတာက သူများထက်ပိုပြီး ဖြစ်လွယ်တတ်ပါတယ်။

တချို့ဆေးဝါးတွေကြောင့်လည်း အူမကြီး ရောင်တတ်ပါတယ်။

အူမကြီးရောင်ရင် အများအားဖြင့် ဝမ်းဗိုက်ဘယ်ဘက်ခြမ်းက အောင့်တာ များပါတယ်။ ဘယ်ဘက်ခြမ်းမှာ အောင့်ရင် ကပ်ပါးပို့ (Amoebiasis) ကြောင့် ဖြစ်တာ များပါတယ်။ ဝမ်းဗိုက်အပေါ်ဘက် အောင့်တာဆိုရင်တော့ သွေးကြောကျဉ်းလို့ သွေးမဝတဲ့ အခြေအနေကြောင့် အူမကြီးရောင်တာ ဖြစ်တတ်ပါတယ်။ တကယ်လို့ ဝမ်းဗိုက်ရဲ့ ညာဘက်အောက်ခြေမှာ နာတယ်ဆိုရင် အူအတက်ရောင်တာနဲ့ လွဲမှားတတ်ပါတယ်။

အူမကြီး ရောင်ရမ်းမှုနဲ့ ပတ်သက်ပြီး အထူးသိစေချင်တာက အူမကြီး ရောင်တာက နာတာရှည် ဖြစ်နေရင် ကင်ဆာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဝမ်း မကြာခဏ ပျက်တယ်၊ ဝမ်းသွားရင် သွေးပါတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်။ အူမကြီးကို မှန်ပြောင်းနဲ့ ကြည့်တဲ့ စစ်ဆေးမှုး (Colonoscopy) ခံယူသင့်ပါတယ်။ လိုအပ်ရင် ကုသမှုကို အမြန်ဆုံး ခံယူသင့်ပါတယ်။

ပါမောက္ခ ဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)