လာသမျှလူကြီးများ ရသမျှအိတ်ထဲမထည့်ဘဲ ကိုယ့်မြို့လို သဘောထားစေချင်ဟု လားရှိုးဒေသခံတို့ဆို

ပို့စ်တင်ချိန် - 1/20/2014 07:00:00 AM


လားရှိုး၊ ဇန်န၀ါရီ ၁၉။

လားရှိုးမြို့တွင်ရှိ မြို့မ အားကစားကွင်း၌ ပွဲများကျင်းပခြင်းနှင့် ယုံဟော်ကွင်းဟုခေါ်ဆို သုံးစွဲခြင်းအပေါ် မြို့ခံပြည်သူများမှ မလိုလာကြောင်းမြို့ခံများထံမှ သိရသည်။

လားရှိုးမြို့ရပ်ကွက်(၈)အတွင်းရှိ မြို့မအားကစားကွင်းတွင်ပွဲကျင်းပခြင်းအပေါ် မြို့အထောက်အကူပြုကော်မတီမှ “ဒီကစားကွင်းက သပ်သပ်ရပ်ရပ်

ကောင်းကောင်းမွန်မွန် ရှိနေစေချင်ပါတယ်ဗျာ၊ ဒါမှလဲမြို့ရဲ့ကျက်သရေဆောင် ကစားကွင်းတစ်ခု တိုးလာတာပေါ့။ ကျွန်တော်က(၁၉၆၇)ခုနှစ်က ရောက်တာပါ၊ ကျွန်တော်မရောက်ခင်ထဲက ရှိနေတာဖြစ်လို့ တွက်ကြည့်မယ်ဆိုရင်နှစ်(၅၀)ကျော်ပြီပေါ့ဗျာ။ အရင်တုန်းက မြို့မအားကစားကွင်းဆိုပြီး လူသိများတာပေါ့ အခုတော့ဒီပွဲတွေ ကျင်းပရာကနေ သူတို့ရဲ့လမ်းညွှန်သုံးရင်းနဲ့ ယုံဟော်ကွင်းဆိုပြီး အသိများနေတာ၊ ဒါလဲမဖြစ်သင့်ဘူး၊ ယုံဟော်ဆိုတာက အရင်ကတော့ စင်တင်တေးဂီတနဲ့ စားသောက်ဆိုင်ပါ။ အရင်ကဆို ရှမ်းနှစ်သစ်ကူးပွဲ၊ ခရစ်စမတ်၊ လွတ်လပ်ရေးနေ့ ပျော်ပွဲရွင်ပွဲ၊ ဌာနပေါင်းစုံဘောလုံးပြိုင်ပွဲတွေ ကျင်းပတဲ့အချိန်ကအရမ်းစည်တယ်၊ အခုတော့ မြို့မကွင်းထဲမှာက ဈေးရောင်းပွဲ၊ စတိတ်ရှိုးတို့ဘာတို့ ကျင်းပပါတယ်။ ပြီးတော့နွေမှာ ကားမောင်း၊ မိုးမှာနွားကျောင်းနေတဲ့ ကွင်းဖြစ်နေတာလေးကို တာဝန်ရှိသူမှားက ပြုပြင်ပြောင်းလဲစေချင်တာပါ”ဟု မြို့အထောက်အကူပြု မြို့မိမြို့ဖများကပြောသည်။
အဆိုပါကွင်းဘေးနေသူဆိုင်ရှင် တစ်ဦးမှလဲ “ကျွန်တော်တို့မြို့ မတိုးတက်တာက လာသမျှလူကြီးတွေ ရသမျှကို ကိုယ့်အိတ်ထဲထည့် ပြန်သွားကြလို့ပါ၊ ကိုယ်ာဏ်စွမ်းရှိသလောက် ကိုယ်နေတဲ့မြို့လို သဘောထား ပြုပြင် တည်ဆောက်ခဲ့မယ်ဆိုရင် လားရှိုးမြို့ဆိုတာ လေ့လာချင်စရာ၊ လည်ပတ်ချင်စရာ ပေါများတဲ့ မြို့ပါဗျာ၊ နိုင်ငံခြားသားပဲ လာလာ၊ ပြည်တွင်ကပဲလာလာ ဧည့်လာတော့မြို့သာတာပေါ့၊ ဖြစ်စေခြင်ပါတယ်။ ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် ကာကွယ်မှာပါ၊ ဒီကွင်းဆိုလဲညနေဆိုလာကြည့်ပါ။ အရမ်းအားရပါတယ် ဘောလုံးကန်တဲ့ လူငယ်တွေ တော်တော်များပါတယ်၊ သေချာပြင်လိုက်ရင် ကောင်းမှာပဲ”ဟု ဦးမောင်က ပြောသည်။
ကွင်းအတွင်းပွဲများကျင်းပပြီးလျှင် ဘီယာပုလင်းကွဲများ ငုတ်များစိုက်ပြီးပြန်နုတ်သောကြောင့် ချိင့်ခွက်များဖြစ်၍ ကွင်းပျက်ဆီးကြောင်း၊ အမှိုက်များများစွာ ကျန်ရှိသောလည်း မည်သူကမျှလာရောက် မရှင်းလင်းကြောင်း၊ ယာဉ်ရပ်နားခွန် များကိုလည်း ပြည်သူပိုင်လမ်းပေါ် ကောက်ခံကြောင်း နောက်နောင် ကွင်းအသုံးပြုမည် ဆိုပါကမြို့မအားကစားကွင်းဟု သုံးစေလိုကြောင်း ဒေသခံများထံမှ သိရသည်။
စိုးမင်းနိုင်၊ ထက်အောင်ကျော်(ရှမ်း/မြောက်)
The Myanma Age