မလေးရှား တိုက်ခိုက်ခံရသည့် မြန်မာလုပ်သား ၉၀ ခန့် ပြည်တော်ပြန်ခွင့်ရ

ပို့စ်တင်ချိန် - 1/02/2014 11:26:00 AM


ရန်ကုန်၊ ဒီဇင်ဘာ ၃၁

မလေးရှားနိုင်ငံ ဆာရာဝပ် ပြည်နယ် မီရီမြို့ရှိ အင်ဒိုနီးရှား နိုင်ငံသားများ အုပ်စုဖွဲ့ တိုက်ခိုက်မှုကြောင့် ဂိုဒေါင် အတွင်းတွင် ပုန်းခိုနေသည့် မြန်မာလုပ်သား ၉၈ ဦးအနက် ၈၈ ဦး မြန်မာနိုင်ငံသို့ ပြန်ခွင့် ရရှိထားပြီ ဖြစ်ကြောင်း ပြည်တော်ပြန်ခွင့်ရ လုပ်သား ဦးစိုးသန်းဦးက ပြောကြားသည်။

မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်၏ လူမှုစာမျက်နှာတွင် မြန်မာလုပ်သား ၉၀ ပြန်လာမည်ဟုလည်း ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ပြည်တော်ပြန်ခွင့်ရသည့် လုပ်သား ၈၀ ကျော်သည် Levy ကြေး (တရားဝင် နေထိုင်ခွင့်) ကြေးကို အလုပ်ရှင်က လျော်ကြေး တောင်းထားရာ ယင်းကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းနေဆဲ ဖြစ်သဖြင့် အသေအချာ ပြောဆို၍ မရသေးကြောင်း၊ လေယာဉ် လက်မှတ်ကိုလည်း လုပ်သားများ၏ အစီအစဉ်ဖြင့် ပြန်ရမည် ဖြစ်ကြောင်း ပြည်တော်ပြန်ခွင့် ရထားသည့် လုပ်သားတစ်ဦးက ပြောကြားသည်။
“ပါမစ်ကြေး လျော်ကြေး တောင်းရင်တော့ လျော်စရာ မရှိဘူး။ လေယာဉ် လက်မှတ်ဖိုးလောက်ပဲ ရှိတယ်” ဟု လုပ်သားတစ်ဦးဖြစ်သူ ဦးသိန်းလှိုင်က ဆိုသည်။

မြန်မာနိုင်ငံသို့ ပြန်လာခွင့် ရရှိသူများအတွက် လေယာဉ်လက်မှတ် အခက်အခဲရှိ၍ အသုတ်လိုက်ခွဲကာ ပြန်ရမည် ဖြစ်ပြီး ပထမအသုတ် အနေနှင့်၂၁ ဦး မြန်မာနိုင်ငံသို့ စတင်ပြန်ခွင့်ရရှိမည် ဖြစ်ကြောင်း၊ လေယာဉ် လက်မှတ် ရရှိသည့် ဦးရေနှုန်းထားအတိုင်း အသုတ်လိုက် ပြန်ခွင့်ရမည် ဖြစ်ကြောင်း လုပ်သားများထံမှ သိရှိရသည်။
“အခုထိတော့ ဂိုဒေါင်ထဲမှာပဲ ရှိသေးတယ်” ဟု ပြည်တော်ပြန်ခွင့်ရ လုပ်သားတစ်ဦးက ပြောဆိုသည်။

သင်္ဘောကျင်းတွင် ကျန်နေခဲ့မည့် လုပ်သား ၁၀ ဦး ဝန်းကျင်ကိုလည်း လက်ရှိ အလုပ်နေရာထက် ပိုမို လုံခြုံမှုရှိသည့် အလုပ်နေရာ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ကြောင်း လုပ်သားများထံမှ သိရှိရသည်။
“သူတို့ (ကျန်ခဲ့မည့်သူများ) မှာက မိသားစု အခက်အခဲတွေ ရှိတယ်။ လုပ်သက်ကလည်း တစ်လ၊ နှစ်လလောက်ပဲ ရှိသေးတော့ ပြန်လို့ လုံးဝ အဆင်မပြေကြဘူး” ဟု ဦးသိန်းလှိုင်က ပြောကြားသည်။

မလေးရှားနှင့် ဘရူနိုင်းနှစ်နိုင်ငံ နယ်စပ်တွင်ရှိသည့် မီရီမြို့ ရှင်ယန်း သင်္ဘောကျင်းတွင် လုပ်ကိုင်သည့် မြန်မာလုပ်သား ၉၈ ဦး သင်္ဘောကျင်း စက်ရုံဝင်းရှိ ဂိုဒေါင်တစ်ခုတွင် ပုန်းခိုနေရသည့် ပြဿနာကို ဖြေရှင်းရန် အလုပ်သမား သံအရာရှိ ဦးစိုးဝင်း၊ မြန်မာနှင့် မလေးရှား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ ကိုယ်စားလှယ်များ အဆိုပါနေရာသို့ ဒီဇင်ဘာလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် ရောက်ရှိပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အဆိုပါ အဖွဲ့သည် အလုပ်ရှင်၊ လုပ်သားများနှင့် တွေ့ဆုံကာ လေးပွင့်ဆိုင် ဖြေရှင်းခဲ့ကြသည်။

မြန်မာလုပ်သားတစ်ဦး ဒီဇင်ဘာလ ၂၃ ရက်နေ့က ဈေးဝယ်ထွက်စဉ် အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးက ရန်စခဲ့ရာမှ ပြဿနာ စတင်ခဲ့ပြီး မြန်မာလုပ်သား ၁၅ ဦးနေထိုင်သည့် အဆောင်ကို အင်ဒိုနီးရှား နိုင်ငံသား အုပ်စုလိုက် ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း၊ ၂၄ ရက်နေ့တွင် တိုက်ခိုက်မှု မိုပိုပြင်းထန်လာ၍ မြန်မာလုပ်သား ၉၈ ဦးလုံး သင်္ဘောကျင်းရှိ ဂိုဒေါင်တစ်ခုတွင် ပုန်းအောင်းခဲ့ရကြောင်း လုပ်သားများထံမှ သိရှိရသည်။

The Voice Weekly Myanmar