ဆိုင်ကယ်လမ်းပြောင်းပြန်စီးလို့ ဖမ်းတာကို လက်သီးနဲ့ ထိုးတဲ့လူ

ပို့စ်တင်ချိန် - 1/02/2014 06:15:00 AM


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်၊ စည်ပင်သာယာဈေး၏ အရှေ့ဘက် အောင် ဇေယျလမ်းမကြီးပေါ်တွင် ဒီဇင်ဘာလ ၂၇ ရက် ညနေ ၃ နာရီခွဲအချိန်က တာဝန်ကျ ယာဉ်ထိန်းရဲ တစ်ဦးကို လမ်းပြောင်းပြန်စီးလာသည့် ဆိုင်ကယ်မောင်းလာသူက ထိုးနှက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ရွှေဘိုဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်စည်းကမ်းများ ဆောင်ရွက်နေသည့် ထိုးနှက်ခြင်းခံရသည့် ရဲတပ်ဖွဲ့ဝင်ဖြစ်သူ ရွှေဘိုယာဉ် စစ်ဌာနမှ ရဲတပ်သား မျိုးဝင်းနောင်သည် ၎င်းတာဝန်ထမ်းဆောင်နေစဉ် တောင်မှမြောက်သို့ ယာဉ်ကြော ပြောင်းပြန်မောင်းနှင်လာသည့် New Anbo – 125 အမျိုးအစား ဆိုင်ကယ်တစ်စီးကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တာဝန်များအရ ရဲတပ်သားမှ ရပ်တန့်ခိုင်းစေပြီး ယာဉ်ထိန်းရုံးသို့ လိုက်ပါရန်ခေါ်စဉ် ဆိုင်ကယ်စီးလာသူမှ လက်သီးဖြင့် ထိုးနှက်ခဲ့ခြင်းဖြစ်သည်ဟု အမှတ်(၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ မုံရွာ တပ်ဖွဲ့ခွဲရုံးမှ ရဲတပ်သားတစ်ဦးက ဆိုသည်။

ဆိုင်ကယ်စီးနင်းလာပြီး ယာဉ်စစ်ရဲတပ်ဖွဲ့ဝင်အား လက်သီးဖြင့် ထိုးခဲ့သူသည် အသက်(၃၀)နှစ်အရွယ်ရှိ ခင်ဦးမြို့နယ် ၀က်သဲကျေးရွာနေသူဖြစ်ပြီး ထိုသူမှ ရဲတပ်သား မျိုးဝင်းနောင်အား လက်သီးဖြင့် ထိုးနှက် နေစဉ် ၎င်းနေရာအနီး၌ ဒု-ရဲတပ် ကြပ်ထွန်းသန်းထွေးဆိုသူနှင့် ရဲတပ်သား တင်မင်းနိုင်ဆိုသူတို့လည်း ရှိနေခဲ့သည်။

ယာဉ်ကြောပြောင်းပြန် ဆိုင်ကယ်စီးနှင်းလာသူတစ်ဦး၏ လက်သီးဖြင့်ထိုးခဲ့ခြင်းကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ဆောင်ရွက်နေသည့် ရဲတပ်သား မျိုးဝင်းနောင်သည် ၀ဲဘက်ပါးရိုးဖူးယောင် ဒဏ်ရာများ ရရှိခဲ့သည့်ပြီး ရွှေဘိုမြို့မရဲစခန်းက ပြစ်မှုကျုးလွန်သူကို (ပ) ၅၄၆/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၃၂ အရ အမှုဖွင့်က အရေးယူလိုက်သည်။
Mizzima Burmese