နိုင်ငံတွင်း အမေရိကန်တပ် တည်ရှိမှု ကုန်ကျစရိတ် တောင်ကိုရီးယား မျှခံမည်

ပို့စ်တင်ချိန် - 1/13/2014 07:15:00 AM


တောင်ကိုရီးယားနိုင်ငံတွင်း အမေရိကန် စစ်တပ်တည်ရှိမှု ကုန်ကျစရိတ်တွေကို မျှဝေဖို့ အမေရိကန် ဒေါ်လာ ၈၆၇ သန်းနီးပါးကို ပေးဖို့ သဘောတူခဲ့ပြီလို့ တောင်ကိုရီးယား အစိုးရက ဇန်န၀ါရီလ ၁၂ ရက်နေ့က ပြောပါတယ်။

အရင်နှစ် အစောပိုင်းကတည်းက ညှိနှိုင်းမှုတွေ ဆက်တိုက်လုပ်အပြီး တောင်ကိုရီယားနိုင်ငံတွင်း အမေရိကန် တပ်တွေ တည်ရှိမှုအတွက် ငါးနှစ်စာ ကုန်ကျစရိတ် မျှဝရေး စီမံကိန်းကို အမေရိကန်နဲ့ တောင်ကိုရီးယား အရာရှိတွေ ဆွေးနွေးနေခဲ့တာပါ။

အာဖဂန်နစ်စတန်နဲ့ အီရတ်က စစ်ပွဲတွေ ဆယ်နှစ်ကြာခဲ့အပြီး အရှေ့အာရှမှာ စစ်တပ် ပြန်လည်ဟန်ချက်ညီရေး အစိတ်အပိုင်းအဖြစ် တောင်ကိုရီးယားကို တင့်ကားတွေနဲ့ စစ်သားတွေ ပိုပြီး ပို့ဖို့ အမေရိကန် အစိုးရက အရင်လက ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် ခုလို သဘောတူညီချက် ထွက်ပေါ်ခဲ့တာပါ။

တောင်ကိုရီးယား နိုငငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ချိုတေးယောင်က အမေရိကန် စစ်သားတွေ ဆက်ထားဖို့ တောင်ကိုရီးယားနိုင်ငံတွင်း တည်ငြိမ်ရေးနဲ့ ဘဏ္ဍာရေး ၀န်ထုပ်ဝန်ပိုးတွေကို ကျနော်တို့ စဉ်းစားခဲ့ကြတယ်။ ပြည်သူတွေနဲ့ လွှတ်တော်က နားလည်နိုင်ဖို့ သင့်လျော်တဲ့ ရလဒ်တွေ ထွက်လာအောင် ကျနော်တို့ အားထုတ်ခဲ့တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ သဘောတရားအရ စစ်ပွဲဖြစ်ပွားဆဲ တောင်ကိုရီးယားနိုင်ငံတွင်းမှာ အမေရိကန်တပ်တွေ ၁၉၉၁ ခုနှစ်က စပြီး တပ်စွဲထားခဲ့ တည်းက အမေ၇ိကန် အစိုးရက ကုန်ကျ စားရိတ်တွေကို ကျခံခဲ့တာပါ။ ခုတော့ တောင်ကိုရီးယားအစိုးရက ကုန်ကျစရိတ်တချို့ကို မျှဝေယူမှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကိုရီးယားစစ်ပွဲအတွင်းက ကွဲကွာသွားတဲ့ မိသားစုတွေ လာမယ့် တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွင်း ပြန်လည်ပေါင်းစည်းရေး အတွက် တောင်ကိုရီးယား အစိုးရက မြောက်ကိုရီးယားကို အဆို တင်သွင်းထားပါတယ်။

ဒါပေမယ့် အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ စီစဉ်ထားမှုကို ရည်ညွှန်းပြီး အဆိုပြုချက်ကို မြောက်ကိုရီးယားအစိုးရက ပယ်ချခဲ့ပါတယ်။

DVB Burmese