ခေတ်ဟောင်းကားအိုများဖြင့် ကမ္ဘာလှည့်နိုင်ငံခြားသား ခရီးသွားများ တောင်ငူမြို့သို့ ဝင်ရောက်လည်ပတ်

ပို့စ်တင်ချိန် - 1/23/2014 03:24:00 PM


တောင်ငူမြို့ရှိ တော်ဝင်ကေတုမတီ ဟိုတယ်သို့ ဇန်နဝါရီ ၂၁ ရက် ညနေ ၄ နာရီခွဲက နိုင်ငံခြားသားခရီးသွား ဧည့်သည် ၅၆ ဦးသည် ခေတ်ဟောင်းကားအို ၂၃ စီးဖြင့် ဝင်ရောက် အနားယူခဲ့သည်။ ယင်းနိုင်ငံခြားသား ခရီးသွား ဧည့်သည်များသည် ရန်ကုန်မြို့သို့ ဇန်နဝါရီ ၁၇ ရက်တွင် စတင်ရောက်ရှိပြီး ယင်းမှတစ်ဆင့် စတင်ထွက်ခွာလာရာ ပဲခူးမြို့ ကမ္ဘောဇသာဒီ နန်းတော်ရာနှင့် ပဲခူးမြို့ပေါ်ရှိ ဘုရားအစုံကို လှည့်လည် ဖူးမြော်ခဲ့ပြီး မြို့ပေါင်း ၁၃ မြို့ကို ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ ထိုပြည်တွင်း ခရီးစဉ်များကို Imspiration Myanmar ကုမ္ပဏီမှ စီစဉ်ဆောင်ရွက်ပေးခဲ့ကာ ခရီးစဉ်ရက်ပေါင်း ၂ဝ ကြာမြင့်မည်ဖြစ်ပြီး ထိုခရီးစဉ်များကို The Road to Mandalay 2014 ဟု အမည်ပေးထားပြီး ခေတ်ဟောင်းကားအို ၂၃ စီး၊ ထောက်ပံ့ကူညီ ပြင်ဆင်ရေးယာဉ် ငါးစီး၊ ကုမ္ပဏီဧည့်လမ်းညွှန်ကား သုံးစီးဖြင့် ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ နေပြည်တော်၊ ကလော၊ အင်းလေး၊ ပင်းတယ၊ မန္တလေး၊ မေမြို့၊ မုံရွာ၊ ပုဂံ၊ မကွေး၊ ပြည်မြို့များကို လှည့်လည် လေ့လာမည် ဖြစ်သည်။ ''နိုင်ငံခြားသားများစီးသည့် ကားတွေကိုလည်း သင်္ဘောဖြင့် ကြိုတင်ပို့ဆောင်ခဲ့ပြီး လူတွေကတော့ သက်ဆိုင်ရာ နိုင်ငံအသီးသီးကနေ အဆင်ပြေသလို လေယာဉ်နဲ့ လာခဲ့ကြတယ်၊ လမ်းမှာ ကားတွေပျက်လို့ အဆင်မပြေမှုလေးတွေတော့ ရှိခဲ့ပါတယ်'' ဟု ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။ သြစတြေးလျနိုင်ငံသူ Denise Besly က ''ကျွန်မတို့အားလုံး အငြိမ်းစားကုမ္ပဏီ ဝန်ထမ်းများ ဖြစ်ပါတယ်။ အသက်ကတော့ ၇၂ နှစ်ရှိပြီး မြန်မာနိုင်ငံကို လာလည်ရတာ အလွန်ပျော်ရွှင်စရာ ကောင်းပါတယ်၊ မြန်မာလူမျိုးတွေရဲ့ အပြုံးနဲ့ တုံ့ပြန်မှုတွေကိုလည်း ခံစားရပါတယ်'' ဟု ပြောပြခဲ့သည်။ အဆိုပါ The Road to Mandalay 2014 ဟု အမည်ပေးထားသည့် ခေတ်ဟောင်းကားများဖြင့် နိုင်ငံခြားဧည့်သည်များသည် တောင်ငူမြို့ တော်ဝင်ကေတုမတီ ဟိုတယ်မှ ဇန်နဝါရီ ၂၂ ရက် နံနက် ၈ နာရီခွဲတွင် နေပြည်တော်သို့ ထွက်ခွာသွားသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

khit lu nge