ရန်ကုန်တွင် တစ်နှစ်အတွင်း ဖမ်းဆီးလိုင်စင်မဲ့ ယာဉ်များအနက် တိုင်းရင်းသား အဖွဲ့အစည်း နံပါတ်ပြား တပ်ဆင်ယာဉ် သုံးပုံတစ်ပုံပါဝင်

ပို့စ်တင်ချိန် - 1/08/2014 02:23:00 PM

ဓာတ်ပုံ - ဧရာဝတီ

ရန်ကုန်၊ ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၃ ခုနှစ် တစ်နှစ်တာ ကာလအတွင်း တိုင်းရင်းသား အဖွဲ့အစည်း နံပါတ်ပြား တပ်ဆင်ထားသည့် လိုင်စင်မဲ့ယာဉ် အစီး ၂၀ ကျော် အပါအဝင် လိုင်စင်မဲ့ယာဉ် အစီး ၆၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး၊ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောကြားသည်။

၂၀၁၃ ခုနှစ်အတွင်း ခိုင်လုံသည့် စာရွက်စာတမ်း ပြသနိုင်ခြင်း မရှိဘဲ တိုင်းရင်းသား လက်နက်ကိုင် နံပါတ်ပြား တပ်ဆင် မောင်းနှင်နေသည့် ကား ၂၀ စီး ကျော်နှင့် လိုင်စင်မဲ့ယာဉ် ၄၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စုံစမ်းစစ်ဆေးကာ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“တချို့ကားတွေက ဆိပ်ကမ်းကနေ ထုတ်လာတယ် ပြောပြီး ဘာစာရွက်စာတမ်းမှ မပြနိုင်လို့ သိမ်းထားတဲ့ ကားတွေလည်း ပါတဲ့အတွက် စာရင်း အတိအကျ မသိရသေးပါဘူး။ လိုင်စင်မဲ့ ဆိုရင်တော့ လူကိုပါ သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့ အရေးယူသွားမှာပါ။ တရားဝင်ကြောင်း အထောက်အထား ပြနိုင်ရင်တော့ သတ်မှတ် ဒဏ်ကြေး ဆောင်ခိုင်းပြီး ပြန်ထုတ်ပေးမှာပါ။ တိုင်းရင်းသား အဖွဲ့အစည်း နံပါတ်ပြား တပ်ထားတဲ့ ကားတွေကိုတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေး အစီအမံတွေနဲ့ အရေးယူပါတယ်” ဟု ၎င်းကဆိုသည်။

လိုင်စင်မဲ့ မော်တော်ယာဉ်များမှာ နံပါတ်ပြားများ တပ်ဆင် မောင်းနှင်နေသည့်အတွက် ခန့်မှန်းနိုင်ရန် ခက်ခဲပြီး အခြားလုပ်ငန်းများကြောင့် ယာဉ်များ စစ်ဆေးခြင်းနှင့် ယာဉ်တိုက်မှုများမှသာ သိရှိရကြောင်း၊ အချို့ယာဉ်များမှာ လိုင်စင်ဝှီးတက် အတုများဖြင့် မောင်းနှင်ရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း အဆိုပါ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ဇော်မျိုးထွန်းက ပြောကြားသည်။
“တချို့ကလည်း အတုမှန်း မသိလို့ ဝယ်စီးမိတဲ့ သူတွေလည်းရှိတယ်။ လိုင်စင်မဲ့ပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသား အဖွဲ့အစည်း ကားပဲဖြစ်ဖြစ် မသင်္ကာရင် က.ည.န ကို လှမ်းအတည်ပြုတယ်။ က.ည.န မှာ စာရင်းမရှိရင်တော့ လိုင်စင်မဲ့အဖြစ် သိမ်းတယ်။ ဖမ်းမိတဲ့အထဲမှာ ဟွန်ဒါဖစ်၊ စီအာဗွီ၊ ပရိုဘောက်ကားအပြင် မော်ဒယ်မြင့် ပါဂျဲရိုး ဖားပြုတ်တွေတောင်ပါတယ်” ဟု ၎င်းကဆိုသည်။
The Voice Weekly Myanmar