ခရီးသည်တင်ယာဉ် ရှေ့ကားကျော်တက်စဉ် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 1/08/2014 06:40:00 PM


အမြန်လမ်းပေါ်တွင် ခရီးသည်တင်ယာဉ်တစ်စီးက ရှေ့မှကားကို ကျော်တက်စဉ် ရှေ့မှ ယာဉ်၏ အနောက်ဘက်ကို ၀င်တိုက်မိသောကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်မှရန်ကုန်သို့ မောင်းလာသည့် ရွှေမြင်းပျံမှန်လုံယာဉ်သည် အမြန်လမ်း မိုင်တိုင်အမှတ် ၇/၂ နှင့် ၇/၃ ကြားတွင် ကားတစ်စီးကို ကျော်တက်စဉ် အရှိန်လွန်၍ အနောက်ဘက်ခြမ်းအားတိုက်မိပြီး အတိုက်ခံရသည့်ကားမှာ လမ်းဘေးသို့ မှောက်သွားကြောင်း ရဲဇာနည် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

ကားမှောက်မှုကြောင့် အတိုက်ခံရသောကားပေါ်မှ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးမှာ လှည်းကူးမြို့နယ်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားပြီး ရှမ်းပြည်နယ်၊ ဖောင်တော်ဦးဘုရားကျောင်းတိုက်မှ ဆရာတော်ကြီးတစ်ပါးနှင့် အမျိုးသားနောက်တစ်ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ရွှေမြင်းပျံယာဉ်မောင်းအား အမှတ် ၃ လမ်းဆုံ အမြန်လမ်းရဲစခန်းမှ ယာဉ်ပြစ်မှုဆိုင်ရာပုဒ်မ-၃၀၄(က)/ ၃၃၇/ ၃၃၈/၂၀၂ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

အလားတူ ဇန်န၀ါရီ ၄ ရက် နံနက်ကလည်း ရန်ကုန်မှ မန္တလေးသို့ အမြန်လမ်းအတိုင်းမောင်းလာသည့် ပါဂျဲရိုးကားသည် မိုင်တိုင်အမှတ် ၃၃၅ တွင် ဘယ်ဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ကာရံထားသည့် ကွန်ကရိဘယ်ရီယာတုံးကို ၀င်တိုက်ကာ တစ်ဖက်ယာဉ်ကြောပေါ်သို့ ပက်လက်လန် တိမ်းမှောက်ခဲ့သည်။ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားသုံးဦး ဒဏ်ရာရရှိသွားသောကြောင့် တံတားဦးဆေးရုံသို့ တင်ပို့ထားရကြောင်း သတင်းရရှိသည်။

အမြန်လမ်းမပေါ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ လူဦးရေမှာ ၂၀၀၉ တွင် ၄၇ ဦး၊ ၂၀၁၀ တွင် ၃၈ ဦး၊ ၂၀၁၁ တွင် ၄၇ ဦး၊ ၂၀၁၂တွင် ၅၄ ဦးနှင့် ၂၀၁၃ ခုနှစ်တွင် ၁၀၀ ကျော်ရှိခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရှိရသည်။

7 Day Daily