ဧရာဝတီတိုင်း တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ၁၃ ခု တိုးချဲ့

ပို့စ်တင်ချိန် - 1/20/2014 06:06:00 PM


ပုသိမ်၊ ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီးတွင်၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန်အတွက် စာစစ်ဌာနအသစ် ၁၃ ခုကို တိုးချဲ့ ခွင့်ပြုလိုက်ကြောင်း တိုင်းဒေသကြီး ပညာရေးရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဦးဝင်းမောင်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် လျှောက် ထားသူ ၆၃,၈၆၅ ဦးရှိသည့်အတွက် စာစစ်ဌာန ၁၆၂ခု တွင် ဖြေဆိုရမည်ဖြစ်ရာ ပြင်ပဖြေနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း ခြောက်ကျောင်းမှ ဖြေဆိုမည့် ကျောင်းသားများ အနေနှင့် သက်ဆိုင်ရာ မြို့နယ် စာစစ်ဌာန များတွင် ဖြေဆိုရမည် ဖြစ်ကြောင်း၊ ဒေသလိုအပ်ချက်အရ စာစစ်ဌာနများ တိုးချဲ့ ချထားပေးခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြစ်ချောင်းများ ပေါများပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် စာစစ်ဌာနများရှိသော အခြားရပ်ရွာ ဒေသများသို့ သွားရောက် ဖြေဆိုကြ ရခြင်းကြောင့် ကျောင်းသားများနှင့် မိဘများမှာ နေရေး၊ စားရေး၊ သွားရေး၊ လာရေး အခက်အခဲများ ဖြစ်ပေါ်သည်သာမက ကျောင်းသားများ လုံခြုံမှုရှိစေရေး လိုက်ပါ ဆောင်ရွက်ပေးရသည့် ဆရာ၊ ဆရာမများမှာပါ အခက်အခဲများစွာ ကြုံတွေ့ခံစားရကြောင်း ဒေသခံ ပြည်သူများထံမှ သိရှိရသည်။

“ကိုယ့်သားသမီးတွေ ကိုယ့်ဒေသမှာပဲ ဖြေခွင့်ရတော့မှာမို့ ဝမ်းသာရပါတယ်။ ပုသိမ်ကို သွားဖြေရတာ ကျောင်းသားတစ်ယောက်ကို သုံးလေးသောင်းလောက် ကုန်ပါတယ်။ စရိတ်မတတ်နိုင်လို့ မဖြေခဲ့ရတဲ့ ကျောင်းသားတွေလည်း ပြန်ဖြေလို့ ရပြီပေါ့ဗျာ” ဟု ယခုနှစ် စာစစ်ဌာနခွင့်ပြုမိန့် ကျသည့် ရှောပြာကျေးရွာ အထက်တန်းကျောင်းခွဲမှ ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ဆိုသည်။

စာစစ်ဌာနများ တိုးချဲ့ခွင့်ပြုလိုက်သဖြင့် ကိုယ့်ကျောင်း၊ ကိုယ့်ဆရာနှင့် ကိုယ့်တပည့်များ ဖြစ်နေကြ၍ ဖြေဆိုရာတွင် မသမာမှုများ မပေါ်ပေါက်စေရေး၊ မေးခွန်းထုတ်ယူခြင်း၊ အဖြေလွှာများ ပေးပို့ခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ခြင်းများတွင် အန္တရာယ်ကင်းရှင်း လုံခြုံမှု ရှိစေရေးတို့အတွက် အဆင့်ဆင့်သော တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း အငြိမ်းစား မြို့နယ်ပညာရေးမှူး ဆရာကြီးတစ်ဦးက ပြောကြားသည်။

၂၀၁၃-၁၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မတ်လ ၁၂ရက်နေ့တွင် စတင်ဖြေဆိုကြရမည်ဖြစ်ရာ မြန်မာ တစ်နိုင်ငံလုံးတွင် ဖြေဆိုရန် လျှောက်ထားသူ ၅၈၈,၄၇၃ ဦးရှိပြီး စာစစ်ဌာန ၁၂၈၅ ခု ဖွင့်လှစ် ဖြေဆိုစေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ မှတ်တမ်းများအရ သိရှိရသည်။
The Voice Weekly Myanmar