ဘုရားခိုးသွားတယ်လို့ တိုင်ကြားခဲ့သူ ၁၁ ဦးကို ဥပဒေအရ အရေးယူမည်

ပို့စ်တင်ချိန် - 1/06/2014 02:09:00 PM


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် တံခွန်တိုင်ကျေးရွာတွင် ပျံလွန်တော်မူခဲ့သော တံခွန်တိုင်ကျောင်းထိုင် ဆရာတော် ကိုးကွယ်ခဲ့သည့် ဗုဒ္ဓဆင်းတုတော်ကို မိုးကုတ်မြို့သို့ ပင့်ဆောင်သွား သည်ကို ခိုးယူ ပင့်ဆောင်သည်ဟု စွပ်စွဲတိုင်ကြားသူ ၁၁ ဦးကို တရားဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့က ထီလာစားသောက်ဆိုင်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် စွပ်စွဲခံရသူ တံခွန်တိုင်ကျေးရွာမှ ဦးရဲမြင့်က ပြောကြားသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် နေ့ထုတ် ပြည်သူ့ဆန္ဒဂျာနယ် အတွဲ၁၊ အမှတ် ၄၀ ပါ" ရှေးဟောင်းအမွေအနှစ်များ လက်ပူးလက်ကြပ် ခိုးမှုကို မိပါလျက် ယခု အချိန်အထိ မည်သို့မျှ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ပစ္စည်းများ အပျောက်ရိုက်သည့် ကိစ္စ" ခေါင်းစဉ်နှင့် ပတ်သက်သည့် သတင်းအပေါ် စွပ်စွဲခံရသူ ကာယကံရှင်များ ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

"ဘုန်းကြီးက ဦးရဲမြင့်နှင့် ပေါင်းပြီး ဦးအောင်မြင့်ကားနဲ့ ဘုရား ခိုးသွားတယ် ဆိုပြီး ဂျာနယ်မှာ ဖော်ပြတာကတော့ လူပုဂ္ဂိုလ် တွေရဲ့သိက္ခာကို တိုင်းသိပြည်သိ စော်ကား တဲ့အပြင် တစ်ပြည်လုံး ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာကိုလည်း ညှိုးနွမ်းစေပါတယ်" ဟု ရွှေဘိုမြို့နေ ဦးအောင်မြင့်က ဆိုသည်။

၂၀၀၈ ခုနှစ်က တံခွန်တိုင်ကျောင်း ဆရာတော် ဦးနိမ္မလ ပျံလွန်ခဲ့ပြီးနောက် တပည့်ဖြစ်သူ ကျပ်ပြင်ဆရာတော်က ဆရာတော် ကိုးကွယ်သည့် ဘုရားကို ကျပ်ပြင်သို့ ပင့်ဆောင်သွားမည် ဖြစ်ကြောင်း တောင်တင့်ဆရာတော်ထံ အကျိုးအကြောင်း ပြောဆိုပြီး မိုးကုတ်ကျပ်ပြင် ဆရာတော်ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလ အတွင်းက ဦးအောင်မြင့်၏ ဆလွန်းယာဉ်ဖြင့် ရွှေဘိုကားဂိတ်သို့ ရောက်သည်အထိ ကူညီပို့ဆောင် ပေးခဲ့ခြင်းသာ ဖြစ်ကြောင်း စွပ်စွဲခံရသူ ဦးအောင်မြင့်က ဆိုသည်။

ဂျာနယ်တွင် မဟုတ်မမှန် ဖော်ပြခံရ ၍ ရွှေဘို မြို့မိမြို့ဖများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် သတင်းသမား များကို တွေ့ဆုံ ရှင်းလင်းခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်နှင့် ဗုဒ္ဓဘာသာ၊ သာသနာ ညှိုးနွမ်းစေမှု၊ ဂုဏ်သိက္ခာ ကျဆင်းစေမှုတို့ အတွက် တိုင်ကြားသူများကို တရားဥပဒေ နှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တံခွန်တိုင်ကျေးရွာမှ စွပ်စွဲခံရသူ ဦးရဲမြင့်က ဆိုသည်။

ပြည်သူ့ဆန္ဒ ဂျာနယ်တိုက်သို့ ဖုန်းဖြင့်ဆက်သွယ် မေးမြန်ရာ ထိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့်သတင်း ရရှိထားပြီး ဂျာနယ်အနေနှင့် ပြန်လည်ရှင်းပေးရန် အစီအစဉ် ရှိကြောင်း ဖုန်းလက်ခံသူက ပြန်လည် ဖြေကြားသည်။

ပြည်သူ့ဆန္ဒဂျာနယ်ပါ သတင်းသည် သတင်းထောက်တစ်ဦး ရေးသည့်ပုံစံမျိုး မဟုတ်ဘဲ တိုင်စာ၊ ပစ်စာ သဘောမျိုး ဖြစ်သည့်အပြင် တိုင်ကြားသူ ၁၁ ဦး၏ လက်မှတ်များနှင့် သမ္မတရုံးသို့ လိပ်မူထားသော ခေါင်းစဉ်လည်း ပါကြောင်း ရွှေဘို မြို့ခံ ဝါရင့်သတင်းစာ ဆရာတစ်ဦးက ဆိုသည်။

The Voice Weekly Myanmar