ခရီးသည်မှ ရွေးချယ်နိုင်သည့် အခြေအနေများ ရှိလာသော်လည်း ရန်ကုန်တက္ကစီများ ဈေးမြင့်နေဆဲ

ပို့စ်တင်ချိန် - 1/12/2014 06:45:00 AM

ယခုအခါ ရန်ကုန်မြို့တွင် တက္ကစီယာဉ် များပြားစွာ ရှိလာကာ ခရီးသည်ဘက်မှ ရွေးချယ်စီးနင်းနိုင်သော်လည်း စီးနင်းခ တောင်းယူမှုမှာ မြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။ “အရင်ကတော့ ကားရှားလို့ဆိုပြီးတော့ ပိုပေးပြီး သူတို့တောင်းသလောက်နဲ့ စီးနင်းကြရတယ်။ အခုတော့ ရွေးချယ်စရာ ပိုလာပေမယ့် ကားခတောင်းတာ လျော့မသွားတဲ့အပြင် လမ်းကျပ်လို့တို့၊ အပြန်မှာ ခါလီပြန်ရမှာမို့လို့တို့ဆိုပြီး အကြောင်းပြ ပိုတောင်းတာတွေ ရှိနေဆဲပါပဲ” ဟု နေ့စဉ် တက္ကစီယာဉ်ဖြင့် သွားလာနေရသူ ဆောက်လုပ်ရေးကုမ္ပဏီမှ အရာရှိတစ်ဦးက ပြောသည်။ ယခင်က ပန်းဆိုးတန်းမှ မြေနီကုန်းအထိ တက္ကစီ စီးနင်းခမှာ ကျပ် ၁၅၀၀ သာရှိသော်လည်း ယခု ကျပ် ၂၅၀၀ ဖြင့် တောင်းယူနေသလို စီးနင်းမည့်လူ များလာပါက ကျပ် ၃၀၀၀၊ ၃၅၀၀ အထိ စီးနင်းခ တောင်းယူနေခြင်း ဖြစ်ကြောင်း၊ ပန်းဆိုးတန်းနှင့် ဗိုလ်ချုပ်ဈေးလောက် အကွာအဝေးကိုပင် ယခင် ကျပ် ၁၀၀၀ မှ ယခု ကျပ် ၁၅၀၀ မှ ကျပ် ၂၀၀၀ အကြား တောင်းခံကာ တက္ကစီတိုင်း ငှားမရဘဲ လမ်းကြောပိတ်သည်ဟု အကြောင်းပြမှုများရှိကြောင်း ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးထံမှ သိရသည်။ ထိုသို့ တောင်းသည့်ငွေအတိုင်း မပေးဘဲ ဈေးဆစ်မှုကို လက်ခံအငှားလိုက်သော တက္ကစီများသည် အရှိန်ဖြင့်မောင်း၍ လမ်း၌ ခဏခဏ ရုတ်တရက် ဘရိတ်နင်းကာ စီးနင်းသူကို ထိတ်လန့်စေရန် လုပ်ဆောင်တတ်ခြင်း၊ အချို့သည် ငှားရျွ်းစီးနင်းသူက ပို့ခိုင်းသော နေရာရှိ ဘေးကင်းလုံခြုံသော နေရာ၌မရပ်ဘဲ ယာဉ်ကြောထူထပ်သည့် ကြားတွင် ရပ်ခြင်း၊ ဘတ်စ်ကားမှတ်တိုင်တွင် ရပ်တန့်၍ ခရီးသည်ကိုချခြင်း စသည်ဖြင့် လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု သိရသည်။ ရန်ကုန်မြို့တွင် ယခင်က ထာဝစဉ် တက္ကစီအဖြစ် “ကက”၊ “ခခ” နံပါတ်နှင့် အိမ်စီးယာဉ်များမှ လုပ်ငန်းလိုင်စင်ယူ၍ နံပါတ်အနီပြောင်းကာ တက္ကစီပြေးဆွဲခြင်းများ ရှိခဲ့ပြီး ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုး လဲလှယ်သော အစီအစဉ် ဆောင်ရွက်ပြီးနောက် ထာဝစဉ် တက္ကစီအဖြစ် “AA”၊ “BB” နံပါတ်များမှ ယခု “DD” နံပါတ်အထိ ရှိလာပြီး ရန်ကုန်မြို့တွင် များပြားစွာ မြင်တွေ့လာရကြောင်း သိရသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ "

khit lu nge