ခရီးသွားလုပ်ငန်း ဘေးထွက်ဆိုးကျိုးအတွက် အဖြေဘယ်လိုထုတ်မလဲ

ပို့စ်တင်ချိန် - 1/16/2014 01:43:00 PM


လှပသောကမ်းခြေများ၊ ရှေးဟောင်းစေတီပုထိုးများဖြင့် ကမ္ဘာကျော်သော မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ကိုင်ရန်၊ အလည်အပတ်နှင့် အပန်းဖြေရန်၊ စူးစမ်းလေ့လာရန် နိုင်ငံအသီးသီးမှ ဧည့်သည်များ အလုံးအရင်းဖြင့် ၀င်ရောက်နေသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် ပြတင်းတံခါးအားလုံးကို ဖွင့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် လေကောင်းလေသန့်နှင့်အတူ အမှိုက်သရိုက်များလည်း ရောထွေးပါဝင်လာမည်ဖြစ်သည်။

နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုစာရင်းကို စနစ်တကျပြုစုထားသော ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ အဆိုအရ ၂၀၁၃ နှစ်ကုန်တွင် ခရီးသည်နှစ်သန်းကျော် ၀င်ရောက်လာခဲ့သည်ဟုဆိုသည်။ ၂၀၁၂ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၀င်ရောက်မှုသည် တစ်သန်းနီးပါးမြင့်တက်လာသည်ကို တွေ့ရသည်။ ယခုနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည် သုံးသန်းဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။

မီးခိုးမထွက်သော စီးပွားရေးလုပ်ငန်းဟု တင်စားသတ်မှတ်ထားသော ခရီးသွားလုပ်ငန်းကြီး၏ နောက်ကွယ်၌ မိမိနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားများ ပျော်ပါးရန် ၀န်ဆောင်မှုပေးနေရသော အမျိုးသမီးလိင်လုပ်ငန်းလည်း ပိုမိုကြီးမားလာသည်။

ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့နှုန်းမြင့်မားနေသော မြန်မာနိုင်ငံတွင် ၀င်ငွေအလွယ်တကူရရှိနိုင်သော လိင်ဖျော်ဖြေရေးလုပ်ကိုင်သူ အမျိုးသမီးငယ်များနှင့် ပျော်ပါးသုံးစွဲလိုသော နိုင်ငံခြားသားဧည့်သည်များ ထိတွေ့ဆက်ဆံမှုဈေးကွက် ကျယ်ပြန့်လာခြင်းသည် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းတွင် ရင်ဆိုင်ရမည့် ဘေးထွက်ဆိုးကျိုး ပြဿနာတစ်ရပ်ဖြစ်သည်။

“နိုင်ငံခြားသားခရီးသည် ၀င်ရောက်တာနဲ့အမျှ လိင်လုပ်ငန်းကလည်း တိုးတက်ကောင်းတိုးတက်နိုင်တယ်။ ဒါပေမဲ့ ဘယ်လောက်ထိရှိသလဲဆိုတာကို ခန့်မှန်းလို့မရနိုင်ဘူး”ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်း အတွင်းရေးမှူးကပြောသည်။

ခြောက်သိန်းကျော်အရေအတွက်ရှိသော လိင်လုပ်သားများအနက် အသက်မပြည့်သေးသူများနှင့် အသက်(၂၀)၀န်းကျင်ရှိ အမျိုးသမီးငယ်များကိုသာ နိုင်ငံခြားသားခရီးသွားများက အသုံးပြုသည်ဟု ယင်းလုပ်ငန်းအသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။

ဟိုတယ်များ၊ နိုက်ကလပ်များနှင့် အနှိပ်ခန်းများသည် နိုင်ငံခြားသားများအလိုရှိသော လိင်ဖျော်ဖြေရေးဝန်ဆောင်မှုများအတွက် ချိတ်ဆက်ပေးနေသော နေရာများအဖြစ် ရပ်တည်နေသည်။

“ဧည့်သည်က လိုချင်တယ်ဆိုရင် ဟိုတယ်ဘေးက ကလပ်ကိုသွားပြီး ကလပ်မန်နေဂျာနဲ့ ပြောဆိုရတယ်။ တစ်လကို ၁၀ ခါ၊ ၁၅ ခါလောက်တော့ ကြုံရတာပဲ။ ခေါ်ရင်လည်း အသက်(၂၀)ကျော်ဆိုတာ အကြီးဆုံးပဲ”ဟု ရန်ကုန်မြို့ရှိ နာမည်ကြီးဟိုတယ်တစ်ခုတွင် လုပ်ကိုင်နေသူ ကိုမျိုးက သူ၏အတွေ့အကြုံကိုပြောသည်။

တရုတ်၊ ဂျပန်နှင့် ထိုင်းလူမျိုးများက အများဆုံးအသုံးပြုသည်ဟု သူကပြောသည်။ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသော ဧည့်လမ်းညွှန်များ၊ ခရီးသွားလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်သူများက အထက်ပါကဲ့သို့ပင်ပြောသည်။

“ဒီကိစ္စကို ခရီးသွားကုမ္ပဏီအစီအစဉ်နဲ့ လာတဲ့သူတွေမှာ သိပ်မတွေ့ရဘူး။ တစ်ဦးချင်းလာတဲ့သူတွေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလာလုပ်တဲ့ နိုင်ငံခြားသားတွေကတော့ စိတ်ဝင်စားနိုင်တယ်”ဟု အီတလီဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုအောင်ထွန်းလင်းကပြောသည်။ လိင်ဖျော်ဖြေရေးလုပ်ကိုင်သော အမျိုးသမီးများသည် နိုင်ငံခြားသားတစ်ဦးနှင့် တစ်ကြိမ်ဆက်ဆံပါက ပျမ်းမျှအားဖြင့် ဒေါ်လာ ၃၀ မှ ၅၀ အထိ ၀န်ဆောင်ခရရှိကြသည်ဟု အဆိုပါလုပ်ငန်းအသိုင်းအ၀ိုင်းမှ သိရသည်။

“ဖော်ရိန်နာနဲ့နေရမယ်ဆိုပြီး သူဌေး (အနှိပ်ခန်းပိုင်ရှင်)က ပြောတယ်။ သုံးသိန်းရမယ်ဆိုလို့ နေလိုက်တယ်”ဟု ရန်ကုန်မြို့အနှိပ်ခန်းတစ်ခုတွင် လုပ်ကိုင်လျက်ရှိသော မမြတ်နိုးက လွန်ခဲ့သည့်တစ်နှစ်က ၎င်း၏အတွေ့အကြုံကိုပြောသည်။

၎င်းသည် ယခင်က အထည်ချုပ်အလုပ်သမတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သော်လည်း မိသားစုစားဝတ်နေရေး ပြေလည်မှုအတွက် အနှိပ်ခန်းတွင် ပြောင်းလဲလုပ်ကိုင်ခဲ့ရသည်။ ၎င်း၏အပျိုစင်ဘ၀ ပထမဆုံးအတွေ့အကြုံကို နိုင်ငံခြားသားနှင့် စတင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အသက်(၂၁)နှစ်အရွယ်သာရှိသေးသည်ဟု မမြတ်နိုးက ပြန်လည်ပြောပြသည်။

ပြည့်တန်ဆာလုပ်ငန်းအား တရားမ၀င်ဟု မြန်မာနိုင်ငံတွင် သတ်မှတ်ထားသော်လည်း အဆိုပါလုပ်ငန်း၌ နစ်မျောနေကြသော မြန်မာအမျိုးသမီးအရေအတွက်က ဒုနှင့်ဒေး။ ဘာသာတရား၏ အဆုံးအမ၊ ယဉ်ကျေးမှု၏ ကန့်သတ်ချက်များဖြင့် တားမြစ်ထားသော်လည်း အလုပ်အကိုင်အခွင့်အလမ်းရှားပါးပြီး ဘ၀အခက်အခဲအတွက် မနှစ်သက်သော်လည်း ရွေးချယ်စရာထွက်ပေါက်တစ်ခုအဖြစ် ရှိနေသည်။

မြန်မာကဲ့သို့ ယဉ်ကျေးမှု၊ ဘာသာတရားအရ တားမြစ်ထားသော်လည်း နိုင်ငံ၏ခရီးသွားလုပ်ငန်းတွင် လိင်ဖျော်ဖြေရေးသည် ဆွဲဆောင်စရာတစ်ခုအဖြစ် ရပ်တည်နေသည်မှာ အိမ်နီးချင်းထိုင်းနိုင်ငံဖြစ်သည်။

တစ်နှစ်လျှင် ထိုင်းနိုင်ငံရှိ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် လာရောက်ပျော်ပါးသည့် နိုင်ငံခြားသားဦးရေမှာ ငါးသန်းပတ်ဝန်းကျင်ထိရှိသည်ဟု အရှေ့တောင်အာရှဒေသတွင်း လိင်ဖျော်ဖြေရေးလုပ်ငန်းများကို သုတေသနပြုလုပ်ထားသော (Women In The New Asia) အဖွဲ့၏ စာရင်းများတွင် ဖော်ပြထားသည်။

“ရန်ကုန်မြို့ရဲ့ တချို့နေရာတွေမှာ နိုင်ငံခြားသားတွေအတွက် လိင်ဖျော်ဖြေရေးလုပ်ငန်းတွေ တွင်ကျယ်နေတာကို တွေ့ခဲ့တယ်။ အခြားနေရာတွေမှာ ထပ်မရှိပါစေနဲ့လို့ မျှော်လင့်ပါတယ်”ဟု မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်အတွင်း လာရောက်လည်ပတ်ခဲ့သည့် ထိုင်းနိုင်ငံသားတစ်ဦးက မှတ်ချက်ပြုသည်။

ခရီးသွားလုပ်ငန်းတိုးတက်လာသည်နှင့်အမျှ လိင်ဖျော်ဖြေရေးလုပ်ငန်းသည်လည်း တွင်ကျယ်လာနိုင်ရာ နိုင်ငံတကာမှာ နာမည်ဆိုးမထွက်အောင် ဥပဒေဖြင့်တားမြစ်သင့်သည့်အပိုင်းများကို ထိန်းသိမ်းတားမြစ်သင့်သည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးတစ်ဦးကသုံးသပ်သည်။

မြန်မာနိုင်ငံတွင်လည်း လိင်ဖျော်ဖြေရေးကိစ္စကို ထိုင်းနိုင်ငံကဲ့သို့ တရားဝင်လုပ်ကိုင်ခွင့်ပြုမည်ဆိုပါက ထိုင်းနိုင်ငံကို သေချာစွာလေ့လာပြီး ဆောင်ရွက်သင့်ကြောင်း ဧည့်လမ်းညွှန်များအသင်း၏ အတွင်းရေးမှူးကဆိုသည်။

နိုင်ငံခြားဧည့်သည် ၀င်ရောက်မှုများပြားလာသည်နှင့်အမျှ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ မပြန့်ပွားရေးနှင့် အသက်မပြည့်သေးသူများကို လိင်လုပ်သားအဖြစ် အသုံးပြုမှုများမရှိစေရန်အတွက် သက်ဆိုင်ရာက ဥပဒေများပြဋ္ဌာန်း၍ ထိန်းချုပ်ရမည်ဟု ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များဖြစ်သော WHO၊ UNICEF တို့က တိုက်တွန်းမှုများ ပြုလုပ်ထားသည်။

လိင်ဖျော်ဖြေရေးခရီးသွားလုပ်ငန်းကြောင့် လူကုန်ကူးမှုကြီးထွားလာပြီး ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲနှင့် ဆင်းရဲသောနိုင်ငံများ ရင်ဆိုင်နေရသည့် အဓိကပြဿနာတစ်ရပ်ဖြစ်ကြောင်း မဲခေါင်ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့အစည်းကြီးက ပြောကြားထားသည်။

ယဉ်ကျေးမှုနှင့် ဘာသာတရားအရ တားမြစ်ထားသော်လည်း ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံအချို့မှာ လိင်ဖျော်ဖြေရေး ခရီးသွားလုပ်ငန်းများ တွင်ကျယ်လျက်ရှိပါသည်။

တစ်နှစ်ထက်တစ်နှစ် ခရီးသွားဧည့်သည်ဝင်ရောက်မှု တိုးတက်လာသော မြန်မာနိုင်ငံတွင် အဆိုပါကိစ္စ၏ နောက်ဆက်တွဲဆိုးကျိုးများကို ရင်ဆိုင်ရန် အသင့်ပြင်ထားပြီလောဟု မေးခွန်းထုတ်ရပါမည်။ ။

ရေးသားသူ- ရဲနောင်၊ ခန့်ထက်
7Day News Journal