တစ်ကျော့ပြန် လိပ်နင်ဂျာတိုက်ပွဲနှင့် ကြက်ကြော်ကိစ္စ

ပို့စ်တင်ချိန် - 1/12/2014 07:31:00 PM


[ Satire ]


လွန်ခဲ့သည့် တစ်နှစ်ကျော်က အနက်ရောင် ကျောပိုးအိတ်များနှင့် လိပ်နင်ဂျာများ ဆူးလေဘုရား အနီးတွင် ဟိုခုန် ဒီခုန်၊ ဟိုကားခုန်ကပ် ဒီကားခုန်ကပ် လုပ်ခဲ့သည်။
ဟော့ ၂၀၁၄ ခုနှစ်ရဲ့ နှစ်သစ်ကူး အခါသမယဝယ် အင်္ကျီ အနက်ရောင်ဖြင့် လိပ်နင်ဂျာတို့ တစ်ကျော့ ပြန်ပေါ်လာပြန်ချေပြီ။

ဒီတစ်ခါသည် အရင်နှစ် တစ်ခါကလို ဝံသရမ်းကို ဒေါက်တိုင်လိပ်နင်ဂျာများ တိုက်ခြင်းမဟုတ်။ ဒီတစ်ခါ တိုက်ခြင်းက ဖေဖေလည်း ပြောခဲ့သလို မေမေလည်း အမြဲတစေ ပြောနေသော တရားဥပဒေ စိုးမိုးရေးဆိုသည့် ဂေါ်ဇီလာလို အကောင်ကြီးများကို တိုက်ခြင်းဖြစ်သည်။ အဲဒီ အကောင်သည် တိုင်းပြည်ကို ဖျက်နေသည့် အကောင် ဖြစ်သည်ဟု လိပ်နင်ဂျာတို့ စွပ်စွဲ သမုတ်ကြလေသည်။

လိပ်နင်ဂျာတို့ တစ်စခန်း ထလာရခြင်းမှာလည်း ၁ ပူးဟုခေါ်သော အသိုက်အမြုံမှ လိပ်နင်ဂျာကို ဂေါ်ဇီလာ မျိုးနွယ်စုတို့က မင်းလားကွ လိပ်နင်ဂျာ ဆိုပြီး ကုပ်ဆွဲ ဂျိန်းပလိန်း ဆွဲစေ့လိုက်ခြင်း ဖြစ်သည်။ ထို့အတွက် လိပ်နင်ဂျာတို့ လမ်းပေါ် ပြန်ရောက်လာခြင်း ဖြစ်သည်။

အမှန်တကယ် အနက်ရောင် လိပ်နင်ဂျာများသည် ရဲရဲသောက်များ ဖြစ်ကြသည်။
တစ်ပုလင်း သောက်နိုင်သူများ၊ နှစ်ပုလင်း သောက်နိုင်သူများ အများအပြား ပါဝင်သည်။ အချို့များ ဘယ်လောက် သောက်သောက် မမူးဘဲ ရဲရဲသောက်နိုင်သူများ ဖြစ်ကြသည်။

ဆူးလေဘုရားတစ်ဝိုက်တွင် လိပ်နင်ဂျာတို့ ဟိုတစ်စု ဒီတစ်စုဖြင့် အနီရောင် ရဲရဲသောက် စာသားကြီးများ ကိုင်ဆောင်ရန် ပြင်ဆင် နေကြသည်။ လိပ်နင်ဂျာဖို လိပ်နင်ဂျာမ စုံတွဲများကလည်း နင်နဲ့ငါ အတူတူကိုင်ကြမည်ဟု တိုင်ပင်ပြီး ဟိုတစ်ဖက် ဒီတစ်ဖက် ရဲရဲသောက် စာတန်းကြီး ရိုက်နှိပ်ထားသည့် ဗီနိုင်းကြီးကို ကိုင်ဆောင်ကြသည်။

လိပ်နင်ဂျာတို့ ဆူးလေဘုရား တစ်ဝိုက်မှ စထွက်လာကြသည်။ သံပြိုင် အော်လိုက်ကြသည်များ ဟိန်းခနဲ ဟိန်းခနဲ။ ကြားရသူများပင် ကြက်သီးမွေးညင်း ထရုံမက ရှူးရှူးပါ ပေါက်ချင်စိတ် ပေါ်လာသည်။ လိပ်နင်ဂျာတို့ အာပြဲပေစွ။
ဘေးက ကြည့်နေသူအဖို့ စီဘီအာဆိုင်တွင် ထိုင်နေသူ အဖို့ပင် သိပ်ရဲရဲ သောက်တာပဲဗျာ..ငိငိ ဟု အားပေးကြသည်။

အစပိုင်းတွင် အတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရမှု အလိုမရှိ အလိုမရှိ။
မှန်ကန်သည့် တရားစီရင်မှု ချက်ချင်း လုပ်ဆောင်ပေး ချက်ချင်းလုပ်ဆောင်ပေး ... အဟေးဟေး ... စသဖြင့် အော်နေသည်မှာ စည်းနဲ့ဝါး စည်းနဲ့ဝါးထက်ပင် ညီနေသေးသည်။

မကြာမီ အသံများက တဖြည်းဖြည်း ဝင်လာသည်။

ထိုအချိန်တွင် ဖွဘုတ်တွင် အစိုးရအဖွဲ့ ဖွဲ့ထားသော သံချောင်းအစိုးရ အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ သမ္မတလောင်း သံချောင်းက ၂၀၁၅ အတွက် လိပ်နင်ဂျာများကို မဲဆွယ်သည့် အနေဖြင့် လျက်ဆားများ လာရောက် ပေးဝေရာ ကျေကျေနပ်နပ်ဖြင့် လက်ဝါး ဖြန့်ကြသည်။ သံချောင်းက သံချောင်းဘေးမှာ အမှန်ခြစ် ပြည်သူ့အောင်ပွဲဖြစ် ဆိုသည့် သင်္ကေတအတိုင်း လက်ညှိုးနဲ့ လက်မကို အမှန်သဏ္ဌာန် လုပ်ကာ လိပ်နင်ဂျာ များဖြင့် အမှတ်တရ ဓာတ်ပုံရိုက်သည်။

၁ ပူးရုံးရှေ့တွင် အထူးစည်ကားနေသည်။
ဘော်ဒါတွေ တော်တော်စုံသည်။ ထိုအတွက် မိုက်ခဲတို့ ထုံးစံအတိုင်း ဘော်ဒါတွေ စုံလာပြီဆို မိုက်ခဲရမည် ဖြစ်သည်။
ထို့ကြောင့် မိုက်တစ်လုံးကို ဝိုင်းခဲကြသည်။

လိပ်နင်ဂျာတို့ ကလည်း ဗီနိုင်းကြီးများ ကိုင်ကာ တန်းစီလျက် ဟုတ်ပါတယ်ဗျို့ မှန်တယ်ဗျို့ ဟု ထောက်ခံကုန်သည်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း အကယ်ဒမီ ပွဲတက်ဝတ်စုံ တစ်စုံ ဝတ်ဆင်လျက် ခပ်တည်တည် ရောက်လာသည်။ ယမန်နှစ် လိပ်နင်ဂျာတို့ ဆန္ဒပြခဲ့စဉ်က အားပေးခဲ့သည့် ဘက်ကြည့်မှန်ကြီးလည်း ရိုးရာမပျက် ရောက်လာသည်။ သွားကလေး ခေါ၍ သြ.. သြ... သြ... ဟု အားပေးရှာသည်။

နေပူပူကြီးထဲမှာ ဒို့အရေး ဒို့အရေး အော်နေသည့် လိပ်နင်ဂျာတို့ကို လမ်းသွားလမ်းလာ ပြည်သူများက ဓာတ်ပုံ ဝိုင်းရိုက်၍ သတင်းယူကြသည်။ ပြည်သူတွေ ဆန္ဒပြတုန်းက လိပ်နင်ဂျာတို့ သတင်းယူသည်။ သို့ကြောင့် ပြည်သူများက ကျေးဇူးပြန်ဆပ်ခြင်း ဖြစ်သည်။

ခဏကြာတော့ ၁ ပူးရုံးက လိပ်နင်ဂျာ တို့ကို ကြက်ကြော်တစ်တုံးစီ လာကျွေးသည်။
လိပ်နင်ဂျာတို့ ပျော်ကြသည်။ လမ်းလျှောက်ရတာ ဗိုက်ဆာသည်။ ကြက်ကြော်တုံးကို အားပါးတရ ကိုက်၍ ဓာတ်ပုံ အရိုက်ခံကြသည်။ ကြက်ကြော်တစ်ဖက် ကိုင်၍ လက်နှစ်ချောင်းထောင်ကာ ပါးလေး ဖောင်းပြီး ဖွဘုတ်ပုံပေါ် တင်ကြသည်။
ဖွဘုတ်ပေါ်မှ အမျိုးကောင်းသား တို့က ဒီခွင်ကို စောင့်နေတာဆိုတော့ လိပ်နင်ဂျာနှင့် ကြက်ကြော် ကိစ္စကို ပယ်ပယ်နယ်နယ် ကလော်တုတ်ကြသည်။ ကြက်ကြော်စား၍ ဆန္ဒပြသည် ဟုလည်း သမုတ်ကြသည်။ လိပ်နင်ဂျာတို့ မကျေနပ်။ ကြက်ကြော်သာ ကျွေးပြီး ဘီယာကျ မတိုက်သည့်အတွက် စိတ်ဆိုးနေရာမှ ယခုလိုအဖွ ထပ်ခံရသည့် အခါ ခြေဆောင့်ငိုကြသည်။

ဘာပဲဖြစ်ဖြစ် ဒါက သမိုင်းဝင်သည်။ လိပ်နင်ဂျာတို့ လောကတွင် သမိုင်းဝင် နေ့ထူးနေ့မြတ် တစ်ခုအဖြစ် သတ်မှတ်ကြရမည်။
လိပ်နင်ဂျာတို့ လမ်းလျှောက်ပွဲကြောင့် ပျံကျားရေး ဝံသရမ်း ပြုတ်သွားပြီးပြီ။ ယခုလည်း မတရားစီရင်သည့် မတရားသူကြီးများ ပြုတ်ရမည်။

ရဲရဲတောက် လိပ်နင်ဂျာများကို ဂုဏ်ပြုသည့် အနေဖြင့်ရော ဆာလောင်မှုကို ဖြည့်တင်းပေးသည့် ၁ ပူးကို လေးစားသည့် အနေဖြင့်ရော ဇန်နဝါရီ ၇ ရက်နေ့ကို ၁၃၇၅ ခုနှစ် ကြက်ကြော်အရေးအခင်းဟု သတ်မှတ်လိုက်သည်။
အရီးဒေါပုံ အောင်ရမည်။
လွန်တာရှိဝန္ဒာမိပါ အရပ်ကတို့ ...။

(ဥက္ကာကိုကို၊ မင်းထက်စံ)
The Voice Weekly Myanmar