သဇင်ဘီစကစ် စက်ရုံမှ အလုပ်အထုတ်ခံရသူများ လျော်ကြေး ကျပ်သိန်း ၄၀၀ ကျော်ရ

ပို့စ်တင်ချိန် - 1/07/2014 05:36:00 PM


မန္တလေး၊ ဇန်နဝါရီ ၆

မန္တလေးစက်မှုဇုန်တွင် စက်ရုံပိတ်ရက်နှင့် ပတ်သက်၍ လေးရက်ကြာ ဆန္ဒထုတ်ဖော် ခဲ့သော သဇင်ဘီစကစ် စက်ရုံ လုပ်သား ၇၀ ဦးကျော် အပါအဝင် အလုပ်ထွက်လိုသူ ၁၃၈ ဦးကို ကျပ်သိန်း ၄၀၀ ကျော် လျော်ကြေးပေးပြီး အလုပ်ထုတ်ပယ် လိုက်ကြောင်း သဇင်ဘီစကစ် စက်ရုံပိုင်ရှင် ဦးအောင်စိုးဝင်းထံမှ သိရှိရသည်။

ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့ နှစ်နေ့တွင် တစ်နေ့ကို အလုပ်ပိတ်ရက် ရွေးချယ်ရေးနှင့် ပတ်သက်၍ ဥပုသ်နေ့ကို အလုပ်ပိတ်ရက် အဖြစ် ဆက်လက် သတ်မှတ်ပြီး ဆန္ဒပြ လုပ်သားများကို မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး တာဝန်ရှိသူများ ရှေ့မှောက်တွင် အလုပ်သမား ဥပဒေပါ နစ်နာကြေးအတိုင်း လုပ်သက်နှင့် လစာ တွက်ချက်ပြီး ဝန်ထမ်း ၁၃၈ ဦး အတွက် ကျပ် ၄၀,၈၂၂,၀၀၀ (လေးရာရှစ်သိန်း နှစ်သောင်းနှစ်ထောင်) ကို နစ်နာကြေး ပေးခဲ့ကြောင်း ၄င်းက ထပ်မံရှင်းပြသည်။

"ကျွန်တော့်ဘက်က အလုပ်ထုတ် ထားတာ ၂၆ ယောက် တည်းပါ။ ဥပဒေအရ အလုပ်ထုတ်ပယ်တဲ့ လူ ၂၆ ယောက်ကိုသာ အလုပ်သမားဥပဒေပါ နစ်နာကြေးအတိုင်း ပေးရမှာ ဖြစ်ပေမယ့် သူ့ဆန္ဒနဲ့ ထွက်သွားတဲ့ လူတွေကိုတော့ ပေးစရာမလိုပါဘူး။ ဒါပေမဲ့ မိမိဆန္ဒအလျောက် ထွက်သွားတဲ့ သူတွေကိုလည်း မုန့်ဖိုးအနေနဲ့ အလုပ်သမားဥပဒေပါ နစ်နာကြေးအတိုင်း ပေးလိုက်ပါတယ်" ဟု အဆိုပါ သဇင်ဘီစကစ် စက်ရုံပိုင်ရှင်က ဆိုသည်။

အဆိုပါ အလုပ် ထုတ်ပယ်ခံရသည့် ၂၆ ဦးသည် စက်ရုံတွင် ခေါင်းဆောင်အနေအထား ရှိသဖြင့် ၄င်းတို့ကို အလုပ် ထုတ်ပယ်ရာတွင် ကျန်လုပ်သားများက အလုပ်ထွက်သဖြင့် လုပ်သားတစ်ရာကျော် အလုပ်ထွက်ခြင်း ဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် အလုပ်သမား သမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"စက်မှုဇုန်သမိုင်း မှာတော့ စံချိန်တင် လျော်ကြေးလို့ ပြောရမယ်။ ပိုင်ရှင်ဖြစ်သူက ထုတ်ပယ်သူ ကိုသာ ဥပဒေအတိုင်း ပေးလျော်ရမှာပါ။ အခုကျတော့ မိမိဆန္ဒနဲ့ ထွက်တဲ့လူ တွေကိုပါ လျော်ပေးလိုက်တယ်" ဟု ပြည်ကြီးတံခွန်မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ အတွင်းရေးမှူး ဦးအောင်ကျော်စိုးက ဆိုသည်။

အဆိုပါစက်ရုံ အလုပ်ပိတ်ရက်နှင့် ပတ်သက်၍ မြို့နယ်အလုပ်ရှင်နှင့် အလုပ်သမား ဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်တွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်ကို ချိုးဖောက်သည်ဟု ဆိုကာ သဇင် ဘီစကစ်စက်ရုံမှ နေ့စား အလုပ်သမား ၇၀ ဦးကျော်တို့သည် ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ ယင်းစက်ရုံ ရှေ့တွင် ဆန္ဒထုတ်ဖော် ခဲ့ပြီး ဇန်နဝါရီလ ၅ ရက်နေ့တွင် မြို့နယ် အလုပ်ရှင်နှင့် အလုပ်သမား ဖျန်ဖြေညှိနှိုင်းရေး တာဝန်ရှိသူများ ရှေ့မှောက်တွင် လျော်ကြေးရယူမည်ဟု ဆိုကာ ညှိနှိုင်းမှု ပြေလည်ခဲ့သည်။

The Voice Weekly